"အလင်းစက် မိသားစုကမ္ဘာ"သို့ အလည်ရောက်လာသူများအားလုံး ယ္ခုနှစ်တွင်ကျရောက်သော မြန်မာနှစ်သစ်ကူးမှသည် အသက်ထက်ဆုံးကျန်းမာ ပျော်ရွှင်ကြပါစေ၊၊

Wednesday, December 8, 2010

မွေးနေ့ တရားလက်ဆောင်


မယ်တော်ကြီး ဒေါ်ခင်စောရွှေရဲ့ နှစ်(၅၀)ဆယ်ပြည့်မွေးနေ့မှာ ဦးဇင်း တရားလက်ဆောင်လေး ရေးပေး လိုက်ပါတယ်၊၊
ပါဠိစာပေမှာ သပ္ပုရိသ သုတ်ဆိုတာရှိပါတယ် ဒကာမကြီး၊၊ အဲဒီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာက လူတစ်ယောက်မှာ အရည်ချင်း(၇)မျိုး ရှိတယ်ဆိုရင် သူဟာ ဘွဲ့ဒီဂရီတွေမရပေမဲ့ ပညာမတတ်သူ မဟုက်ပါဘူး၊၊ စိမ်ရွှေငွေတွေ ဘီလီယမ်နဲ့ချီမရှိပေမဲ့ ဆင်းရဲသူလဲ မဟုက်ပါဘူးတဲ့ ဒကာမကြီး၊၊ နောက်တခါ ဒီထက်ပိုတာက သူဟာ လောကကြီးမှာ အလကားလူ၊ အသုံးမကြတဲ့သူလည်း မဟုက်ပါဘူးတဲ့၊၊ ဘ၀မှာ လူဖြစ်ရကျိုးနပ်တဲ့သူ၊ တန်ဖိုးရှိတဲ့သူလို့ ဆိုလိုတာပေါ့ ဒကာမကြီး၊၊ သာသနာအတွင်းမှာ လူဖြစ်ရကျိုးနပ်တဲ့ လူပေါ့ဒကာမကြီး၊၊

မြတ်စွာဘုရားပြောတဲ့ အရည်ချင်း(၇)မျိုးဆိုတာ---------
(၁) သဒ္ဓါ = ယုံကြည်ချက်ကောင်းချင်း
(၂) သီလ = ကိုယ်ကျင့်တရားကောင်းချင်း
(၃) သုတ = သိသင့်တာကို သိတတ်နားလည်ချင်း
(၄) စာဂ = ပေးရဲချင်း (လှုတတ်တာ)
(၅) ပညာ = အမှန်အမှားကို ခွဲခြားသိချင်း
(၆) ဟိရိ = မသင့်တော်တဲ့အလုပ်မှာ ရှက်တတ်ချင်း
(၇) သြတ္တပ္ပ = မသင့်တော်တဲ့အလုပ်မှာ လုပ်ရမှာကြောက်တတ်ချင်း

ဒီ(၇)မျိုးကို သူတော်ကောင်းဥစ္စာ ရတနာလို့ မြန်မာစာပေမှာ ခေါ်ကြပါတယ် ဒကာမကြီး၊၊ လူတစ်ယောက်ရဲ့ ဘ၀အတွက်ဖြစ်ဖြစ် သံသရာအတွက်ဖြစ်ဖြစ် သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်ချက်ဟာ မရမ်းအရေးကြီးပါတယ်၊၊ ယုံကြည်ချက်မပါဘဲ လုပ်တဲ့လုပ်ရပ်ဟာ စီးပွားရေးမှာဖြစ်စေ သံသရာရေးမှာဖြစ်စေ အောင်မြင်ဖို့ခက်ပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက သဒ္ဓါကို လူတစ်ယောက်ရဲ့ဘ၀ တိုးတက်ဖို့အတွက် လူ့အရည်ချင်းလို့ ဟောတော်မူပါတယ်၊၊

သီလဆိုတာ ကိုယ်ကျင့်တရားကို ခေါ်တာပါ ဒကာမကြီး၊၊ လူမှာ အ၀တ်တစ်ရာ ထပ်ဝတ်လို့မလုံခြုံပါဘူး၊၊ ကိုယ်ကျင့်တရား ကောင်းမှသာ ပတ်ဝန်းကျင်မှာ ကိုယ့်သတင်းကောင်းမွှေးပြီး လုံခြုံတာပါ၊၊ စီးပွားရေးနယ် လူမှုရေးနယ်ပယ်မှာလဲ ကိုယ်ကျင့်တရား ဖြောင့်မတ်သူတွေသာ အများကယုံကြည်တဲ့အတွက် အောင်မြင်တာပါ၊၊ သံသရာမှာလဲ ကိုယ်ကျင့်တရား ကောင်းသူတွေ ချမ်းသာရတာပါ၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သီလကို လူ့ဘ၀သံသရာအတွက် မရှိမဖြစ်တဲ့ လူ့အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊

သုတဆိုတာ သိသင့်တာကို သိတတ်နားလည်ချင်းပါ ဒကာမကြီး၊၊ စာတတ်တာတစ်ခုတည်းကို သုတခေါ်တာလို့ဆိုရင် မှားပါတယ်၊၊ တကယ်ကြ ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါ အလိုက်သိတတ်တာ၊ ပါးရေ နားရေ ရှိတာလဲ သုတလို့ပြောလို့ရပါတယ်၊၊ မြန်မာစာပေမှာတော့ သုတဆိုတဲ့ ပါဠိစကားလုံးကို ဗဟုသုတလို့ ပါဠိချင်း ဘာသာပြန်တာကိုတွေ့ရပါတယ် ဒကာမကြီး၊၊ အများနဲ့ အလုပ်အတူလုပ်၊ ဆက်ဆံ ပေါင်းသင်းတဲ့ နေရာမှာ အလိုက်မသိတတ်တာ အခြေနေကို နားမလည်တတ်တာဟာ အတော်ကိုဆိုးတဲ့ အဖြစ်ပါ၊၊ အထွေထွေ ဗဟုသုတမရှိတာလဲ ဆိုးတာပေါ့ ဒကာမကြီး၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သုတကို လူ့ဘ၀ သံသရာတိုးတက်ဖို့အတွက် လိုအပ်တဲ့အရည်ချင်းတခုအဖြစ် ဟောတော်မူပါတယ်၊၊

စာဂဆိုတာ ပေးရဲတာကို ဆိုလိုပါတယ်၊၊ လူတွေမှာ ယူသူတွေသာ များပါတယ်၊၊ ပေးသူကနည်းပါတယ်၊၊ လောကကြီးဆီက ရသလောက်ညှစ်ထုပ်ယူနေကြတာပါ၊၊ ဒါကြောင့်လဲ တခါတခါ လောကကြီးက လူတွေဆီက ပြန်ယူတတ်ပါတယ်၊၊ အဲဒါကတော့ သဘာဝဘေးတွေ ဖြစ်တာ၊ မီးတွေလောင်တာ ရေတွေကြီးတာတို့ပေါ့ ဒကာမကြီး၊၊ လောဘတွေများလာရင် လူဟာ ဘာကိုမှမပေးရဲတော့ပါဘူး၊ ရသလောက် ယူနိုင်သလောက် ယူတော့တာပါ၊၊ အဲဒီအခါ လူသားဟာ ဖိစီးမှုတွေ၊ စိတ်တွေ မွန်းကျပ်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတော့တာပါ၊၊ ဒါကြောင့် တခါတလေ ပေးတယ်ဆိုတာ ယူတာပါပဲ၊၊

ဘာကိုယူတာလဲဆိုရင် စိတ်ချမ်းသာမှုကိုပါ၊၊ ဒါကိုပဲ ဗုဒ္ဓဘာသာဝင်တွေက လှုတယ်လို့ဆိုကြပါတယ်၊၊ ကိုယူတဲ့အခါဖြစ်တဲ့ စိတ်နဲ့ ကိုယ်ကပေးတဲ့အခါ လှုလိုက်ရတဲ့အခါ ဖြစ်တဲ့စိတ်မတူပါဘူး၊၊ စေတနာပါပါနဲ့ ပေးလိုက် လှုလိုက်ရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ စိတ်ဟာ အရမ်းကို အေးချမ်းပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက စာဂ=ပေးရဲချင်းကို လူ့အရည်ချင်း တခုအဖြစ် ဟောတော်မူပါတယ်၊၊

ပညာဆိုတာ အမှားလုပ်ရပ်နဲ့ အမှန်လုပ်ရပ်ကို ခွဲခြားတတ်တာကို ခေါ်ပါတယ်၊၊ ဒါကဘ၀အတွက်ပေါ့ ဒကာမကြီး၊၊ သံသရာအတွက်ဆိုရင်တော့ ၀ိပဿနာပညာကို ဒီနေရာမှာ ပညာလို့ခေါ်မှာပါ၊၊ ဘ၀တစ်ခု တိုးတက်အောင်မြင်ကြီးပွားဖို့ အသိပညာမပါဘဲ မရဘူးဆိုတာ အများပင် သိကြပါတယ် ဒကာမကြီး၊၊ ပညာမပါဘဲ ရမ်းလုပ်တဲ့အလုပ်ဟာလဲ ကောင်းတဲ့အကျိုးရမှာ မဟုက်ပါဘူး၊၊ ကိုယ့်ကိုယ်ကို ဖြစ်ဖြစ် အများကိုဖြစ်ဖြစ် ဒုက္ခဖြစ်စေမှာ အမှန်ပါ၊၊ ပညာသားပါပါ လုပ်တဲ့အလုပ်ကတော့ လုပ်သူကိုရော ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ချမ်းသာစေပါတယ်၊၊ ဒါကြောင့်လဲ ဘုရားရှင်က ပညာကို လူ့တစ်ယောက်ရဲ့ ဘ၀ သံသရာတိုးတက်ဖို့ အရည်ချည်းတစ်ခုအနေနဲ့ ဟောတော်မူပါတယ်၊၊

ဟိရီဆိုတာ မသင့်တော်တဲ့ လုပ်ရပ်၊ အပြုအမူ အပြောအဆို၊ အနေအထိုင်မှာ ရှက်တတ်တာကို ခေါ်ပါတယ်၊၊ ဒါအရမ်းကို အရေးကြီးပါတယ် ဒကာမကြီး၊၊ လောကကြီးမှာ ဒီအရည်ချင်းမရှိရင် မသားစုဆိုတာတောင် ရှိတော့မှာ မဟုက်ပါဘူး၊၊ အားလုံးဟာ တိရစ္ဆာန်တွေလို ဖြစ်ကုန်တော့မှာပါ၊၊ ပတ်ဝန်းကျင်ကလည်း လေးစားတော့မှာ မဟုက်ပါဘူး၊၊ ပတ်ဝန်းကျင်က နေရာပေးမခံရတဲ့သူဆိုတာလည်း ချမ်းသာဖို့ မရှိတော့ပါဘူး၊၊ သံသရာမှာလည်း မကောင်းနိုင်ဘူးပေါ့ ဒကာမကြီး၊၊ ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့၊ ပိပိရိရိ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်၊ လုပ်တတ် ကိုင်တတ်သူကိုတော့ အများကပင် လေးစားရတဲ့ အတွက် ဘ၀မှာ ချမ်းသာရတော့တာပါ၊၊ ဒါကြောင့် ဘုရားရှင်က ဟိရီ=ရှက်တတ်တာကို လူ့ဘ၀အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊

သြတ္တပ္ပဆိုတာ မသင့်တော်တဲ့ အလုပ်ကို လုပ်ရမှာ၊ မသင့်တော်တဲ့ အပြောကို ပြောရမှာ၊ မသင့်တော်တဲ့ နေထိုင်နည်းနဲ့ နေရမှာကို ကြောက်တတ်တာကို ခေါ်ပါတယ် ဒကာမကြီး၊၊ ဒီကနေ့ခေတ်မှာ လူတွေဟာ ရုပ်ဝတ္ထုရဲ့ ဆွဲဆောင်မှုကို များစွာခံကြရပါတယ်၊ အဲဒါကြောင့်လဲ လိုချင်တာရဖို့ မလုပ်ရဲတာ၊ မပြောရဲဆိုတာ မရှိသလောက်ပါပဲ၊၊ ဒါပေမဲ့ လောကနဲ့ သံသရာဆိုတာကလဲ ဒီလိုလူမျိုးတွေကို ကြာရှည်မျက်နှာသာ မပေးတတ်ပါဘူး၊၊ စိုင်ကော်လို့ ခြုံပေါ်ရောက်တတ်ပေမဲ့ မကြာခင် ဒုက္ခတွေ့ရတတ်တာကို ငါးရာ့ ငါးဆယ်ဇာတ်တော်တွေမှာ ကြည့်ကြည့်၊ မြန်မာသမိုင်း ကမ္ဘာ့သမိုင်းတွေမှာပဲ ကြည့်ကြည့် တွေ့ရပါတယ်၊၊ တည်ကြည် ဖြောင့်မတ်စွာ လုပ်တတ်၊ ပြောတတ်၊ နေတတ်ထိုင်တတ်တဲ့ သူတွေကိုတော့ နယ်ပယ်အသီးသီးက ချစ်ကြောက် ရိုသေ၊ လေးစားတဲ့အတွက် အောင်မြင် ကြီးပွား ချမ်းသာရပါတယ် ဒကာမကြီး၊၊ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က သြတ္တပ္ပ=ကြောက်တတ်တာကို လူ့ဘ၀အရည်အချင်းတခုလို့ ဟောတော်မူပါတယ်၊၊

ဒကာမကြီး ပြောပြလို့ ဦးဇင်း သိရသလောက်ဆိုရင် ဒကာမကြီးတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးတွေဟာ ဒီအရည်အချင်း(၇)ရှိနေတာကို တွေ့ရပါတယ်၊၊ ဒကာမကြီးတို့ မိသားစုတွေ ဒီဘ၀မှာရော သံသရာမှာပါ မျက်နှာလှကြရမှာပါ၊၊ တရားတော်နဲ့ ညီနေတာကို ပြောပြတာပါ ဒကာမကြီး၊၊ ဒီလိုမိသားစုမျိုးနဲ့တွေ့ခွင့်ရတာလဲ ဦးဇင်း ၀မ်းသာပါတယ်၊၊

ယဿ ဧတေ ဓနံ အတ္ထိ၊ ဣတ္ထိယာ ပုရသဿ ၀ါ၊၊
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ၊၊

ဒီပါဠိဂါထာလေးက ဦးဇင်းရေးပြခဲ့တာရဲ့ အချုပ်ပါ၊၊ မြတ်စွာဟောတော်မူတဲ့ အရည်အချင်း (၇)မျိုးကို ပိုင်ဆိုင်ရရှိထားကြတဲ့ မယ်တော်ကြီး ဒေါ်ခင်စောရွှေတို့ မိသားစုများ သက်ရှည် ကျန်းမာ၊ ချမ်းသာ ဘေးကင်းစွာဖြင့် သာသနာတော်အကျိုး တိုးပြီးဆောင်ရွက်၊ ကူညီအားပေးနိုင်စေကြောင်း ဆုတောင်းပေးရင် မယ်တော်ကြီးရဲ့ မွေးနေ့ ဓမ္မလက်ဆောင် စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊

စွယ်တော်လေးဆူ၊၊ ၊၊

ဒကာမကြီး မင်္ဂလာပါ!
ဦးဇင်း ဒကာမကြီးကို မြတ်စွာဘုရား စွယ်တော်တွေအကြောင်းကို ရေးပေးမယ်လို့ တလောက ပြောမိတယ်၊၊ အဲဒါအခု ကျောင်းပိတ်ထားတော့ အချိန်နည်းနည်းအားလို့ ရေးပေးလိုက်ပါတယ်၊၊ မြတ်စွာဘုရား အလောင်းတော်ကို မီးပူဇော်တာကနေ စပြောရအောင်ပါ ဒကာမကြီး၊၊ မြတ်စွာဘုရား ခန္ဓာတော်ကို မီးပူဇော်အပြီးမှာ စွယ်တော်လေးဆူနဲ့ ဓာတ်တော်ရှစ်စိတ်၊ ရှစ်ပြည်ကြွင်းကျန်ရစ်တယ်လို့ ပိဋကတ်စာပေမှတ်တမ်းမှာ တွေ့ရပါတယ်၊၊

စွယ်တော်လေးဆူဆိုတာက:
(၁) အထက်လက်ယာ စွယ်တော်
(၂) အထက်လက်ဝဲ စွယ်တော်
(၃) အောက်လက်ယာ စွယ်တော်
(၄) အောက်လက်ဝဲ စွယ်တော် …..လို့ စွယ်တော်လေးဆူရှိပါတယ်၊၊

စွယ်တော်များကို အတိုင်းတိုင်း အပြည်ပြည်က မင်းတွေက စစ်ပြုပြီး လုယူကြမယ်လုပ်နေတုန်းမှာ အဲ့ဒီမင်းတွေကို ငယ်စဉ်က ပညာသင်ပေးဘူးတဲ့၊ အားလုံးက လေးစားကြောက်ရွံ့ ရိုသေရတဲ့ ဒေါဏ အမည်ရှိတဲ့ ပညာရှိအမတ်ကြီးက ဓာတ်တော်များကို ဝေငှဖို့အားလုံးက သဘောတူကြ ပါတယ်တဲ့ ဒကာမကြီး၊၊

ဒေါဏအမတ်ပညာရှိကြီးဟာ ဓာတ်တွေများကို ဝေငှတဲ့အခါမှာ စွယ်တော်များကို မဝေပေးဘဲ ၀ှက်ထားပါတယ်တဲ့ ဒကာမကြီး၊၊ ဓာတ်တော်တွေကို ဝေတဲ့အခါမှာ ရွှေပြည်တောင်းနဲ့ ချင့်ပြီး ဝေတယ်လို့လဲ မှတ်တမ်းမှာ လေ့လာရပါတယ်၊၊ အဲဒီတော့ အတိုင်းတိုင်း အပြည်ပြည်က မင်းတွေကလလည်း ဘယ်သူ့အထဲ စွယ်တော်တွေပါသွားလဲ မသိတော့ဘူးဆိုပါတော့ ဒကာမကြီး၊၊ အဲဒီလျို့ဝှက်ချက်ကို သိတဲ့ သိကြားမင်းက အထက်လက်ယာ စွယ်တော်တို့ တန်ခိုးနဲ့ ယူပြီး တာဝတိံသာ နတ်ပြည်က စူဠာမဏိစေတီတော်ကြီးမှာ ဌာပနာလိုက်ပါတယ်တဲ့ ဒကာမကြီး၊၊

အထက်လက်ဝဲစွယ်တော်ကိုလည်း ရဟန္တာမထေရ်တစ်ပါးက တန်ခိုးတော်နဲ့ ပင့်ပြီး၊ သူ့တိုင်း ပြည်ဖြစ်တဲ့ ဂန္ဓာရတိုင်းဘုရင်လက်ထဲကို အပ်လိုက်ပါတယ်တဲ့ ဒကာမကြီး၊၊ ဂန္ဓာရတိုင်းဆိုတာ အခုလက်ရှိ ပါကစ္စတန်ကို ပြောတာပါ၊၊ ပါကစ္စတန်နဲ့ တရုပ်ပြည်က ပြည်နယ်ချင်း စပ်နေတာပါ၊၊ အဲဒါကြောင့် သူမြေကိုယ်က လုလိုက်၊ ကိုယ့်မြေသူကလုလိုက်နဲ့ နှစ်တွေထောင်ချီကြာလာတဲ့အခါမှာ အထက် လက်ဝဲ စွယ်တော်ကို ဌာပနာထားတဲ့ စေတီကြီးတည်ရှိတဲ့ စစ်ကိုင်းတောင်လို တောင်ကြောကြီးဟာ တရုပ်နယ်မြေထဲကို ရောက်လာပါတယ်တဲ့ ဒကာမကြီး၊၊

ဒါပေမဲ့ အဲဒီစေတီကြီးထဲမှာ စွယ်တော်အစစ်ရှိတယ်ဆိုတာတော့ မသိကြဘူးပေါ့၊၊ စစ်ဘေး စစ်ဒဏ် တွေခံခဲ့ရတာရော၊ နှစ်ပေါင်း ကြာလာတာရောကြောင့် တနေ့မှာ အဲဒီစေတီကြီးဟာ ပြိုကြလာပါတယ်တဲ့ ဒကာမကြီး၊၊ စေတီကြီး ပြိုကလာတဲ့အထဲမှာ ရှာကြဖွေကြတော့ ဌာပနာကြုပ်ကြီးတခုကို တွေ့ကြပါတယ်တဲ့၊၊ ဌာပနာကြုပ်ကြီးကို ဘုရင်လက်ဆက်သပြီး ဖွင့်ကြည့်တဲ့အခါမှာ ဘာသာစကား သုံးမျိုးနဲ့ရေးထားတဲ့ ကမ္ဗည်စားတမ်းကို တွေ့ရပါတယ်တဲ့၊၊ အဲဒီစာတမ်းအရ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်ကြောင်း သိရှိရပြီး ယနေ့အထိ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ကိုးကွယ်နေကြပါတယ် ဒကာမကြီး၊၊

မြန်မာနိုင်ငံကိုတောင် အပူဇော်ကြွဘူးတာကို ဒကာမကြီး သိမှာပါ၊၊ အဲဒါ မြတ်စွာဘုရားရဲ့ အထက် လက်ဝဲ စွယ်တော်ပေါ့ မယ်တော်ကြီး၊၊ အဲဒီစွယ်တော်ကို အင်္ဂလိပ်လူမျိုး အရိုးပညာရှင်တွေရော၊ ဂျာမန်ပညာရှင်တွေရော အကြိမ်ကြိမ်စစ်ဆေးတာ တကယ့် လူသားတယောက်အရဲ့ အရိုးဓာတ်တော် ဖြစ်ကြောင်း၊ နှစ်ပေါင်းလဲ နှစ်ထောင်ကျော်ပြီး ဖြစ်ကြောင်း အတည်ပြုကြပါတယ်တဲ့ ဒကာမကြီး၊၊ စွယ်တော်ပုံကို အနီးကပ်ရိုက်ထားတဲ့ ပုံကို ဒကာမကြီးဆီ ဦးဇင်းပို့ထားပြီးပါပြီ၊ ထပ်ဖူးလိုက်ပါအုံး မယ်တော်ကြီး၊၊

နောက်ထပ် အောက်ပိုင်းလက်ယာ စွယ်တော်ကိုတော့ ဒေါဏအမတ်ကြီး ၀ှက်ထားတဲ့နေရာကနေ နဂါးပြည်က နဂါးမင်းက တန်ခိုးနဲ့ယူပြီး နဂါးပြည်မှာ ရတနာစေတီတည်ပြီး ကိုးကွယ်ပါတယ်တဲ့ ဒကာမကြီး၊၊
နောက်ဆုံးကျန်နေသေးတဲ့ အောက်ပိုင်း လက်ဝဲစွယ်တော်ကိုတော့ အရှင်သာရိပုတ္တရာရဲ့ တပည့် အရှင်ခေမာလို့ ခေါ်တဲ့ ရဟန္တာမထေရ်မြတ်က ဒေါဏအမတ်ကြီး ၀ှက်ထားရာကနေ တန်ခိုးတော် နဲ့ယူပြီး သူနေတဲ့တိုင်းပြည်က ဘုရင်ဗြမ္မဒတ္တကို ပေးအပ်လိုက်ပါတယ်တဲ့ ဒကာမကြီး၊၊ အဲဒီတိုင်းပြည်နာမည်က ကလိင်္ဂတိုင်း ဒန္တပူရပြည်နယ်လို့ စာပေမှတ်တန်းမှာတွေ့ရပါတယ်၊၊ လက်ရှိ အန္ဒိယနိုင်ငံ သြဒိဿပြည်လို့ ဆိုပါတယ်၊၊ မင်းအဆက်ဆက် ပြည်သူအဆက်ဆက် ကိုးကွယ်ကြပြီး နှစ်ပေါင်း (၆၃၀)ကြာလာတဲ့အခါမှာ ကလိင်္ဂတိုင်းကို ဂူဟသီဝဆိုတဲ့ ဘုရင်အုပ်ချုပ်ပါတယ်တဲ့ ဒကာမကြီး၊၊

အဲဒီဘုရင်လက်ထက်မှာ စစ်တွေအကြီးကြယ်ဖြစ်တဲ့အတွက် စွယ်တော်ကို တိုင်းတပါးသားတွေ လက်ထဲရောက်မဲ့ ဘေးမျိုးအထိဆိုက်လာပါတယ်တဲ့ မယ်တော်ကြီး၊၊ အဲဒါကြောင့် မင်းကြီးက သူ့သမီးတော် ဟေမမာလာနဲ့ မားမက်တော်ကို စွယ်တော်ကိုပင့်ပြီး တိုင်းပြည်ကထွက်ဖို့ မိန့်တော် မူပါတယ်တဲ့ မယ်တော်ကြီး၊၊ စွယ်တော်ကိုပင့်ပြီး လင်္ကာဒီပ သီဟိုဠ်ကျွန်းကို ထွက်ပြေးဖို့၊ သီဟိုဠ် ကျွန်းရောက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်း မဟာသေနမင်းကို အကျိုး အကြောင်းလျောက်တင်ပြီး စွယ်တော်ကို အပ်နှံဖို့ သမီးတော်နဲ့ သားတော်ကို မှာလိုက်ပါတယ်တဲ့၊၊ သားတော်နဲ့ သမီးတော်တို့ဟာ ကုန်းအတန်တန် ရေအတန်တန်ဖြတ်ကျော်ပြီး သီဟိုဠ်ပြည်ကို ထွက်ပြေးလာကြပါတယ်တဲ့ ဒကာမကြီး၊၊ ကံမကောင်း အကြောင်းမလှချင်တော့ သီဟိုဠ်ပြည်လဲ ရောက်ရော သူတို့ခမည်းတော် ကြီးမှာလိုက်တဲ့ မဟာသေနမင်းကြီး နတ်ရွာစံကံတော်ကုန်တာနဲ့ တွေ့ရပါတယ်တဲ့၊၊

ဒါပေမဲ့ မဟာသေနဘုရင်ကြီးရဲ့အရိုက်အရာကို ဆက်ခံတဲ့ သားတော် သီရိမေဃ၀ဏ်ဏ ရှင်ဘုရင်ဟာလည်း သာသနာတော်ကို ကြည်ညိုလေးမြတ်သူ ဖြစ်တာကြောင့် စွယ်တော်ကို သူ့ဆီအပ်နှံပြီး သီရိလင်္ကာ=သိဟိုဠ် မင်းအဆက်ဆက၊် ပြည်သူအဆက်ဆက် ကိုးကွယ်လာတာ အခုထက်ထိ ဆိုပါတော့ ဒကာမကြီး၊၊ ဒါကြောင့် စွယ်တော်လေးဆူမှာ တာဝတိံသာ နတ်ပြည်ရောက်သွားတဲ့ စွယ်တော်တစ်ဆူနဲ့၊ နဂါးပြည်ရောက်သွားတဲ့ စွယ်တော်တစ်ဆူကတော့ ဦးဇင်းတို့ မယ်တော်ကြီးတို့ ဖူးခွင့်ရဖို့ မဖြစ်နိုင် ဘူးဆိုပါတော့ဗျာ၊၊

လူ့ပြည်မှာ ကျန်နေတဲ့ တရုပ်ပြည်က စွယ်တော်နဲ့ သီရိလင်္ကာနိုင်ငံက စွယ်တော်ကတော့ ကျိုးစားရင် ဖူးခွင့်ရဖို့ မခက်ဘူးဆိုပါတော့ ဒကာမကြီး၊၊ သီရိလင်္ကာနိုင်ငံကို စွယ်တော်လာဖူးတဲ့ ကမ္ဘာက ဗုဒ္ဓဘာသာ ဟုက်သူတွေရော၊ မဟုက်သူတွေရော အမြဲစည်ကား နေတာကို ဦးဇင်းတို့ တွေ့နေရပါတယ်၊၊ စွယ်တော်ကြုပ်ကိုတော့ နေ့စဉ် တနေ့ကို နှစ်ကြိမ်ဖွင့်ပါတယ်၊၊ စွယ်တော်ကိုတော့ လေးနှစ်မှ တစ်ကြိမ်ဖွင့်ပါတယ် ဒကာမကြီး၊၊ အဲဒါကြောင့် စွယ်တော်ဖွင့်တဲ့ နှစ်ကြရင် မြန်မာပြည်ကလည်း စွယ်တော်ကိုလာဖူးကြပါတယ်၊၊ ဒကာမကြီးလဲ မြတ်စွာဘုရား စွယ်တော်ကို ဖူးခွင့်ရအောင် ဆုတောင်းပြီး ကျိုးစားပေါ့ဗျာ၊၊ ဦးဇင်းတော့ ဒီနိုင်ငံကိုရောက်ပြီး လပိုင်းလောက်မှာပဲ စွယ်တော်ကြုပ်ဖွင့်ပြတဲ့ လေးနှစ်ပြည့်နဲ့ ကြုံတာကြောင့် စွယ်တော်ကို အနီးကပ်ဖူးခွင့်ရပါတယ်၊၊ ဘ၀မှာလူဖြစ်ကျိုးနပ်တယ်လို့ကို ကြည်နူးမိတာ အမှန်ပါ ဒကာမကြီး၊၊

ဒကာမကြီး စွယ်တော်လေးဆူအကြောင်း စာတမ်း ဒါဆိုပြည့်စုံပါပြီ၊၊ အခုလောက်ရေးဖို့ စွယ်တော်နဲ့ပတ်သက်တဲ့ ကျမ်းများစွာကို လေ့လာရပါတယ် ဒကာမကြီး၊၊ ဦးဇင်းအထင်နဲ့ ရေးတာ မဟုက်ပါဘူး၊၊ နီးစပ်တဲ့ သူငယ်ချင်းတွေရော၊ အင်္ဂလိပ်လိုရော မြန်မာလိုရော ရေးထားတဲ့ စွယ်တော်လေးဆူနဲ့ ပတ်သက်တဲ့ စာအုပ်တွေကနေမှ အဖြစ်နိုင်ဆုံးတွေကို ယူပြီး ဒီစာတမ်းလေးကို ရေးပေးလိုက်တာပါ၊၊ စွယ်တော်နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာတွေက အများကြီးပါ၊၊ သူ့စွယ်တော်က စစ်တယ်၊ ငါ့စွယ်တော်က စစ်တယ်ဆိုပြီး ငြင်းနေကြတာဆိုပါတော့ ဒကာမကြီး၊၊ အခု ဦးဇင်း ရေးပေးလိုက်တဲ့ စွယ်တော်လေးဆူကတော့ ကမ္ဘာကလက်ခံတဲ့ စာပေမှတ်တမ်းများမှာလဲ တကယ်ပါတဲ့ စွယ်တော်လေးဆူပါ၊၊

မယ်တော်ကြီး စွယ်တော်အကြောင်းကို လေ့လာဖတ်ရှုပြီး၊ စွယ်တော်တွေကို ဖူးခွင့်ရပြီး ကျန်းမာ ချမ်းသာ ဘေးရန်ကင်းပြီး၊ နိဗ္ဗာန်ရပါစေ………………