"အလင်းစက် မိသားစုကမ္ဘာ"သို့ အလည်ရောက်လာသူများအားလုံး ယ္ခုနှစ်တွင်ကျရောက်သော မြန်မာနှစ်သစ်ကူးမှသည် အသက်ထက်ဆုံးကျန်းမာ ပျော်ရွှင်ကြပါစေ၊၊

Tuesday, December 6, 2011

အမျိုးသ္မီးများ၏ နေရာ၊၊ ၊၊

အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ်ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရားအလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိသည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊

ဟိန္ဒူဘာသာ၊
ခရာစ်ယာန်ဘာသာ၊
ဗုဒ္ဓဘာသာ၊
မူစလင်ဘာသာ၊ အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ် မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့် သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာ ပေ အထောက် အထားများဖြင့် ဖော်ပြမည်ဖြစ်ပါသည်၊၊

ကောသလမင်းကြီးသည် တစ်နေ့သောအခါ ဗုဒ္ဓရှင်တော်အထံသို့ ရောက်လာခဲ့သည်၊၊ ဗုဒ္ဓနှင့် စကားပြောနေစဉ် အမတ်တစ်ဦးရောက်လာပြီး၊ ကောသလရှင်ဘုရင်ကို နားနားကပ်၍တီးတိုးလျောက်တင်လိုက်သည်၊၊ မင်းကြီးသည် သတင်းစကားကို ကြားလိုက်ရသောအခါ မျက်နှာမသာမယာဖြစ် သွားသည်၊၊ ဗုဒ္ဓရှင်တော်မှ မင်းကြီးဘယ် လိုကြောင့် မျက်နှာမသာ မယာဖြစ်သွားရသနည်းဟု မေးသောအခါ၊ မိဗုရားခေါင်ကြီး မလ္လိကာဒေ၀ီမှ သ္မီးမိန်း ကလေး ဖွားမြင်ကြောင်း သိလိုက်ရသောကြောင့် စိတ်နှလုံးမသယာမယာ ဖြစ်ရပါသည်ဟု လျောက်တင်လေ သည်၊၊

မင်းကြီး အင်္ဂါ(၄)မျိုးနှင့်ပြည့်စုံလျင် အမျိုးသ္မီးသည်အမျိုးသားနှင့်တန်းတူ မြင့်မြတ်သူဖြစ်သည်ဟု ညွှန်ပြလိုက်ပါ သည်၊၊ မြင့်မြတ်သည့် အမျိုးသ္မီးတို့၌ရှိသည့် အင်္ဂါလေးမျိုးမှာ--

(၁) ပညာတတ်ခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) နှစ်ဘက်မိဘကို ရိုသေတတ်ခြင်း၊
(၄) လင်သားအပေါ် အမျိုးသမီးတာဝန်ကျေပွန်ခြင်း၊ တို့ဖြစ်သည်၊၊ ဤအင်္ဂါလေးမျိုးတိုးတက်အောင် ညွန်ပြသွန်သင်ပြီး၊ သမီးမိန်းကလေးများကို ကောင်းစွာနေရာပေးသင့်သည်ဟု ဗုဒ္ဓရှင်တော်မှ ကောသလ မင်းကြီးအား မိန့်တော်မူပါသည်၊၊

ဖော်ပြသည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင် ဗုဒ္ဓဘာသာ၌ အမျိုးသ္မီးအမျိုးသား ခွဲခြားမှုမရှိ၊ ကိုယ်ကျင့်တရားနှင့် အသိညာဏ်အပေါ်အခြေခံ၍ အမျိုးသ္မီးများကို ကောင်းမွန်စွာဆက်ဆံ၊ နေရာပေးထားသည်ကို လေ့လာရရှိနိုင် သည်၊၊

အခြားဟောပြောချက် တစ်နေရာတွင်မူ အနုစိတ်လွန်းသည့် ပြဿနာများကို အဖြေရှာရာတွင် အမျိုးသ္မီးများ၏ အသိညာဏ်ပါးနပ်မှုသည် အမျိုးသားများထက်သာလွန်ကြောင်း ဖော်ပြထားပါသည်၊၊ ဤဖော်ပြချက်မှာ အမျိုးသ္မီး တို့၏ ညာဏ်ပညာထက်မြက်မှုကို ထင်ဟပ်စေပါသည်၊၊

ကိစ္စတသီး၊ အရေးကြီး၍၊
မပြီးနိုင်က၊ ကြံမရသော်၊
မိန်းမကိုသာတိုင်ပင်ရာဟု၊
ပညာရှိများ၊ အစဉ်ကြားလျက်၊
ထင်ရှားမိန့်မှာ၊ ဥဒါန်းလာ၏၊၊ (မဃဒေ၀ လင်္ကာ)

ဗုဒ္ဓကိုယ်တိုင် ဟောပြောထားသည့် အခြားဇာတ်လမ်းတစ်ခုတွင်မူ “ဘုန်းကံမရှိသောအမျိုးသားသည် ဘုန်းကံကြီးသည့် အမျိုးသ္မီးကိုမရရှိနိုင်ကြောင်း”ပါရှိလေသည်၊၊ သို့ဆိုလျင် အချို့အမျိုးသ္မီးများသည် အမျိုးသားများထက်ပင် ဘုန်းကံကြီးကြောင်း တွေ့ရမည်ဖြစ်သည်၊၊

ဟိန္ဒူ-ဗြဟ္မဏ၀ါဒတွင် အမျိုးသ္မီးများသည် သေလွန်သွားကြသည့် ဆွေမျိုးမိဘများအတွက် ကုသိုလ်ပြု၍ အမျှဝေ ခွင့်ကို မရရှိပေ၊ အကြောင်းမှာ အမျိုးသ္မီးတို့ပေးဝေသော အမျှကိုသေလွန်ပြီး သူများက “သာဓု”မခေါ်ဆိုနိုင်သော ကြာင့်ဟု ဆိုသည်၊၊ ဤ၀ါဒကိုလက်မခံလို၍ ဗုဒ္ဓရှင်တော်မှ “နန္ဒနီသုတ်” တွင် သေလွန်သူ ဆွေမျိုး၊ မိဘ၊ မိတ်ဆွေ များ အတွက် အမျိုးသားဖြစ်စေ၊ အမျိုးသ္မီးဖြစ်စေ အမျှဝေနိုင်ကြောင်း၊ သေလွန်ပြီးသူများသည်လည်း ပေးဝေသည့် အမျှကို ဧကန်ရရှိပါကြောင်း သင်ပြထားပါသည်၊၊

ဘာသာရေးကျင့်ဝတ်များ၊ ကုသိုလ်လုပ်ငန်းများကို အမျိုးသ္မီးတို့ကိုယ်တိုင်ပြုလုပ်ခွင့်မရသော ကမ္ဘာ့ဘာသာပေါင်း များစွာရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင်မူ အမျိုးသ္မီးများသည် သက်တော်ထင်ရှား ဗုဒ္ဓကိုယ်တော်တိုင်ကိုပင်လျင် ဆွမ်းဆက်ကပ်ခွင့်၊ ရင်းနှီးစွာနေထိုင်ခွင့်ကို ရရှိပါသည်၊၊ ၀ိသာခါကျောင်း အမကြီးနှင့် ဗုဒ္ဓရှင်တော်တို့သည် အမျိုးသ္မီးတို့၏အတွင်းရေးများကို အခါအားလျော်စွာ ဆွေးနွေးလေ့ရှိကြောင်း “၀ိနယပိဋက”တွင် ဖော်ပြပါသည်၊၊ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှု၊ ပြုကြသည်ဟု ဖော်ပြထားပါ သည်၊၊

ထိုဇနီးမောင်နှံကို မြတ်စွာဘုရားရှင်မှ အပြစ်တစ်စုံတရာ မတင်သည့်အပြင် “ဤဇနီးမောင်နှံသည် ငါဘုရားရှင်နှင့် ရင်းနှီးသူများအထဲတွင် အရင်းနှီးဆုံးသူများဖြစ်သည်ဟု ဧတဒဂ်ဘွဲ့ထူး” ကိုပင် ပေးအပ်တော်မူပါသည်၊၊ ဤသာဓကကိုထောက်ဆ၍ ယနေ့ခေတ်အခါတွင် တချို့သောစေတီ၊ သိမ်၊ ကျောင်း၊ ဘုရားများအပေါ်သို့ အမျိုးသမီးမတက်ရ၊ မကိုင်တွယ်ရ၊ မထိရ၊ မတက်ရဆိုသောအယူအဆများမှာ ဘုရားရှင် လက်ထက်က မရှိခဲ့ဘဲ၊ နှောင်းခေတ်များမှ ဖြစ်ပေါ်လာသောအယူအဆများသာ ဖြစ်နိုင်လေသည်၊၊

ရှေးခေတ် အိန္ဒိယအယူအဆ တစ်ခုတွင်လည်း အရွယ်ရောက်ပြီး အိမ်ထောင်မပြုသော(အပျိုကြီး) အမျိုးသ္မီးများကို “အမျိုးကို ယုတ်နိမ့်စေသူ”ဟု သဘောထားသတ်မှတ်ကြသည်၊၊ မိသားစုတွင် ကျွန်တစ်ဦးကဲ့သို့ဆက်ဆံ သည်ဟု လေ့လာတွေ့ရှိရသည်၊၊ မြတ်စွာဘုရားရှင်သည် မမှန်ကန်သည့် ဤအယူအဆကို ပယ်လှန်သည့်အနေဖြင့် “မဟာဝစ္ဆဂေါတ္တသုတ်”တွင် အမျိုးသ္မီးတစ်ဦးအနေဖြင့် အိမ်ထောင်မပြုလိုလျင် နေခွင့်ရှိကြောင်း၊ အမျိုးကို ယုတ်ညံ့စေသူ မဖြစ်ကြောင်းနှင့်၊ အပျိုကြီးဘ၀ ဖြင့်နေသဖြင့် “ဗြဟ္မစရိယ”ဟုခေါ်သော မြင့်မြတ်သည့်အကျင့်ကို အိမ်ထောင်သည်အမျိုးသ္မီးများထက် ကျင့်ကြံရန်လွယ်ကူသူများဖြစ်ကြောင်း ချီးမွှန်းတော်မူပါသည်၊၊

ဤအထောက်အထားမှာ ဗုဒ္ဓဘာသာ၏ သာမန်အမျိုးသ္မီးများအတွက်တင်မက အိမ်ထောင်မပြု လိုသည့် အမျိုးသ္မီးများ၊ အိမ်ထောင်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ထားသော အမျိုးသ္မီးများ အတွက် ကိုပါ ထည့်သွင်းစဉ်းစား၊ အလေးထားသည်ကို လေးနက်စွာတွေ့ရပါသည်၊၊ ဤသင်ကြားချက်များကို လေ့ လာသောအားဖြင့် ဗုဒ္ဓ၀ါဒသည် ဘာသာရေးသီးသန့်ဝါဒ သက်သက်မဟုတ်ဘဲ၊ လူမှုရေးကဏ္ဍများကိုလည်း အလေးထားဟောပြောသည့် ဘာသာဝါဒဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်၊၊

မှန်သည်၊၊ အိမ်ထောင်မပြုသော အမျိုးသ္မီးနှင့်၊ အိမ်ထောင်ကျပြီး ကွာရှင်းထားသောအမျိုးသ္မီးများသည် သာသနာဘောင်သို့၍၀င်၍ လောကကုတ္တရာတရားများကိုလည်း လွတ်လပ်စွာကျင့်ခွင့်ရသည်၊ လူသာမန်ဘ၀ဖြင့် တရားဘာဝနာလိုက်စားမည်ဆိုကလည်း လွတ်လပ်စွာလိုက်စားခွင့်ကို အိမ်ထောင်ရှင် အမျိုးသ္မီးများထက် ပို၍လွယ်ကူစွာရသည်မှာ ငြင်းရန်မရှိသောလွတ်လပ်မှု ဖြစ်ပါသည်၊၊

ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားများနှင့် တန်းရည်တူအရည်အသွေး (၅)မျိုးရှိကြောင်းကို “စိတ္တပရိယာဒါယ ၀ဂ္ဂ၊ အဂုင်္တ္တရပါဠိ”တွင် ညွှန်ပြထားပါသည်၊၊ အမျိုးသ္မီးတို့၏ အမျိုးသားများနည်းတူ အရည်အသွေး ငါးမျိုးမှာ--

(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ အသံ၊
(၃) အမျိုးသ္မီးတို့၏ အနံ့၊
(၄) အမျိုးသ္မီးတို့၏ အနှစ်၊
(၅) အမျိုးသ္မီးတို့၏ အတွေ့၊ တို့ဖြစ်ပါသည်၊၊

ယောကျာင်္းတစ်ဦးသည် မည်မျှစွမ်းရည်ပြည့်ဝသည်၊ အင်အားကြီးသည်ဆိုစေကာမူ အမျိုးသ္မီးတို့၏ အထက်ပါ စွမ်းရည်များအောက်တွင် ဆွဲဆောင်မှုကိုခံကြရကြောင်း၊ ကျရှုံးကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူ ထားပါသည်၊၊ မျက်မှောက်ခေတ်နှင့်၊ ထိုထိုနိုင်ငံသမိုင်းများတွင်လည်း အထက်ပါ အမျိုးသ္မီးတို့၏ စွမ်းရည်အောက် တွင် အများသားခေါင်းဆောင်များစွာတို့ ဆွဲဆောင်မှုခံကြရ၊ ကျရှုံးကြရသည်ကို လေ့လာသောအားဖြင့် အထင်သေးအပ်သည့် စွမ်းရည်များမဟုတ်သည်ကို သတိချပ်အပ်သည်၊၊ အထက်ဖော်ပြပါစွမ်းရည်ငါးမျိုးမှာ အမျိုး သားများတွင်လည်း နည်းတူတည်ရှိပါသည်၊၊

ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားနည်းတူ တည်ရှိသောအခြားစွမ်းရည်ရှစ်မျိုးကိုလည်း ဗုဒ္ဓရှင်တော်သည် “ဣတ္ထိဗန္ဓနသုတ်”တွင် ဟောတော်မူထားပါသေးသည်၊၊ စွမ်းရည်ရှစ်မျိုးမှာ--

(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ ပြုံးရယ်မှု၊
(၃) အမျိုးသ္မီးတို့၏ အပြောအဆို၊
(၄) အမျိုးသ္မီးတို့၏ တေးသီချင်း၊
(၅) အမျိုးသ္မီးတို့၏ မျက်ရည်၊
(၆) အမျိုးသ္မီးတို့၏ အတွင်းသဘောထား၊
(၇) အမျိုးသ္မီးတို့၏ ပန်းနံ့သာပန်ဆင်မှု၊
(၈) အမျိုးသ္မီးတို့၏ အတွေ့အထိ၊ တို့ဖြစ်ကြသည်၊၊

အထက်တွင်တင်ပြထားသည့် စွမ်းရည်ရှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသ္မီးတွင် တန်းရည်တူရှိသော စွမ်းရည်များ ဖြစ်ပါသည်၊၊ ဖော်ပြထားသည့်စွမ်းရည်များမှာ အမျိုးသ္မီးနှင့် အမျိုးသားတို့၏ သဘာဝစွမ်းရည်များဖြစ်ကြောင်းနှင့်၊ အမှန်တကယ်လည်း စွမ်းရည်ပြည့် အသုံးဝင်သောစွမ်းရည်များဖြစ် ကြောင်း လေ့လာသိရှိရသည်၊၊

လူ့အသိုင်းအ၀ိုင်းကြီးသည် မိဘများကြောင့် ပေါ်ထွန်းလာခြင်းဖြစ်သည်၊၊ အမျိုးသားချည်း လူ့အသိုင်းအ၀န်းကြီး မဖြစ်ပေါ်နိုင်သကဲ့သို့၊ အမျိုးသ္မီးချည်းလည်း လူလောကကို တည်ဆောက်ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသ္မီးတို့မှာ အဆင့်တူအရေးပါသော လူသားအရင်းအမြစ် ဖြစ်သည်ဟုဆိုက သင့်တော်သည့် အဆိုဖြစ်သည်၊၊ အမျိုးသ္မီးများသည် အမျိုးသားလောက် အရေးပါမှုမရှိ၊ မြင့်မြတ်မှုမရှိဟုဆိုလျင် ဘက်လိုက်သော အဆိုသာ ဖြစ်တော့သည်၊၊

ဗုဒ္ဓရှင်တော်သည် “သုဗြဟ္မသုတ်၊ အဂုင်္တ္တရနိကာယ်”တွင် မိသားစုတစ်ခုတွင် မိခင်နှင့် ဖခင်တို့မှာ သား/သမီးများ အတွက် တန်းတူအဆင့်ရှိသည်ဟု ဟောပြောထားသည်ကို တွေ့ရသည်၊၊ ဤသုတ်တွင် “မိသားစုတွင် မိဘနှစ်ဦး လုံးကိုပင် မြင့်မြတ်သူများဖြစ်၍ ရှေးဦးဆရာဟူ၍၄င်း၊ ဗြဟ္မာကြီးများ ဟူ၍၄င်း၊ သား/သမီးတို့ ၏အပူဇော် ကို ခံယူထိုက်သူများဟူ၍၄င်း” အထူးအဆင့်ရှိနေရာများတွင် တန်းတူထား၍ ဗုဒ္ဓရှင်တော် ဟောကြားတော် မူထားပါသည်၊၊

မိသားစုတစ်ခုတွင် အမျိုးသားထမ်းဆောင်ရသောတာဝန်နှင့် အမျိုးသ္မီးထမ်းဆောင်ရသော တာဝန်များ သည် လေးနက်မှုအားဖြင့် တူညီသည်ကိုတွေ့ရသည်၊၊ အမျိုးသားသည် စီးပွားရှာရသကဲ့သို့ အမျိုးသ္မီး၏အိမ်တွင်း တာဝန်များသည်လည်း ပေါ့ပါးလှသည်မဟုတ်ပေ၊၊ ၀မ်းနည်းဖွယ်ကောင်းသည်မှာ အမျိုးသ္မီးများ၏ အိမ်တွင်း အလုပ်များသည် လေးနက်သည်မှန်သော်လည်း အမည်တပ်၍ပြစရာ မရှိဖြစ်နေတတ်ခြင်း ဖြစ်သည်၊၊ မည်သို့ဆိုစေ အမျိုးသ္မီးများသည် အိမ်ထောင်တစ်ခုတွင် အမျိုးသားနည်းတူ အဆင့်ရှိ၊ အရေးပါသောသူများ ဖြစ်တော့သည်၊၊

“ဒုတိယလောက ၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်”တွင် အမျိုးသ္မီးများမဖြစ်မနေ ထမ်းဆောင်နေရသည့် အိမ်ထောင်ရေး တာဝန် ရှစ်မျိုးကိုဖော်ပြထားသည်၊၊ “သိင်္ဂါလောက၀ါဒသုတ်”တွင်မူ အမျိုးသမီး၊ အမျိုးသားနှစ်ဦး လုံးတို့၏ အိမ်ထောင်ရေးတာဝန်ငါးမျိုးစီကို ဖော်ပြထားသည်၊၊ အမျိုးသားများမခံစား ရဘဲ၊ အမျိုးသမီးများသီးသန့် အိမ်ထောင်ရေးတွင် ခံစားကြရသောဒုက္ခငါးမျိုးကို “အာဝေနိက ဒုက္ခသုတ်”တွင် ဖော်ပြထားပါသည်၊၊

(၁) အိမ်ထောင်ပြုပြီးသော အမျိုးသ္မီးသည် မိဘကိုစွန့်ခွာ၍ အမျိုးသားအိမ်သို့လိုက်ပါရခြင်း၊
(၂) လစဉ်ဓမ္မတာ သွေးဆင်းရခြင်း၊
(၃) ကိုယ်ဝန်ဆောင်ရခြင်း၊
(၄) သား၊ သ္မီးမွေးဖွားရခြင်း၊
(၅) လင်ယောကျာင်္းအား ပြုစုရခြင်း၊ တို့ဖြစ်သည်၊၊

အာဝေနိက ဒုက္ခငါးမျိုးမှာ အမျိုးသ္မီးတစ်ယောက်အတွက် ဘ၀တစ်သက်တာ ခံစားရသောအဆုံး မသတ်သည့် ဆင်းရဲခြင်းများဖြစ်ပါသည်၊၊ အမျိုးသားများသည် အာဝေနိက-ဒုက္ခမှအခန့်သားကင်း လွတ်ခွင့်ရသူများပင် ဖြစ်သည်၊၊ အာဝေနိကဒုက္ခမည်မျှအထိ ပင်ပမ်းဆင်းရဲသည်ကို အမျိုးသ္မီးများသာ သိနိုင်သည်၊၊ သို့သော် “ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် တစ်နေ့ကိုသုဿာန်သို့ မျက်စောင်းသုံးကြိမ်ထိုးသည်”ဟု မြန်မာရှေးရိုးစကားရှိသောကြောင့် ခန့်မှန်း၍ကားအမျိုးသားများပင် သိရှိနိုင်လေသည်၊၊

ဤမျှ ဘ၀တာဝန်အကြီးများကို ထမ်းဆောင်နေရသော အမျိုးသ္မီးများကို ဗုဒ္ဓရှင်တော်မှ အမျိုးသားများနှင့် အခွင့်အရေးတန်းတူ ပေးသနားတော်မူသည်မှာ လွန်စွာတရားမျှတသည်ဟု ဆိုရပါမည်၊၊ သို့သော် အမျိုးသ္မီးများ အတွက် ၀မ်းနဲဖွယ်အကြောင်းတစ်ရပ်မှာ မည်သို့ပင်ဗုဒ္ဓရှင်တော်မှ နေရာပေး စေကာမူ ယေဘုယျအမျိုးသ္မီးတို့၏ လူမှုအသိုင်းအ၀န်း အံဝင်ခွင်ကျမဖြစ်မှု၊ ခန္ဓာဗေဒဆိုင်ရာ မသင့်တော်မှုအချို့ကြောင့် အမျိုးသားနည်းတူ အဆင့် တစ်ခုကို အပီအပြင်ရရှိရန်ကား ဖြစ်နိုင်ခြေမရှိသော အကျိုးတစ်ရပ်ပင် ဖြစ်ပါသည်၊၊

သဘာဝအားဖြင့် အမျိုးသ္မီးများသည် အမျိုးသားများထက် အလှအပကို ပို၍ခံစားတတ်သူ၊ မိမိအလှ အပကိုလည်း ပြတတ်သူများဖြစ်ပါသည်၊၊ သို့ပါလျက် မိမိအလှအပကိုလည်း ပြခွင့်မရ၊ သူတစ်းပါးအလှအပကိုလည်း လွတ်လပ်စွာခံစားခွင့်မရသော၊ တစ်ကိုယ်လုံးခြုံထားရသည့် အမျိုးသ္မီးများလည်း ယနေ့ခေတ်တိုင် ရှိနေပါသေး သည်၊၊

ဗုဒ္ဓဘာသာတွင် အမျိုးသ္မီးများအတွက် အမြင့်ဆုံးအဆင့်တစ်ခုကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ပေးတော်မူခဲ့ပါသည်၊၊ ထိုအခွင့်အရေးမှာ အမျိုးသ္မီးများသည် အမျိုးသားများကဲ့သို့ သာသနာဘောင်တွင် ရဟန်းပြုခွင့်ရနိုင်ပါသည်၊၊ ဗုဒ္ဓဘာ သာ၏ ပန်းတိုင်ဖြစ်သည့် ဈာန်၊ မဂ်၊ ဖိုလ်နှင့်၊ နိဗ္ဗာန်ချမ်းသာကိုလည်း အမျိုးသ္မီးများ ရရှိစံစားနိုင်ပါသည်၊၊ မြတ်စွာ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သာသနာဘောင်တွင် အမျိုးသ္မီးများသည် “ဘိက္ခုနီ”ဟူသောအမည်ဖြင့် ရဟန်းပြုကြပြီး၊ ရဟန္တာမကြီးများဖြစ်သွားကြသည့် အမျိုးသ္မီးပေါင်းများစွာပင် ဘုရားရှင်လက်ထက်တော်က ရှိခဲ့ပါသည်၊၊

သီရိလင်္ကာနိုင်ငံနှင့် အခြားထေရာဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ယနေ့တိုင် “ဘိက္ခုနီသာသနာ”တည်ရှိနေပါသေး သည်၊၊ မြန်မာနိုင်ငံတွင်မူ ဘိက္ခုနီသာသနာ ကွယ်ပျောက်ခဲ့ပြီး၊ အမျိုးသ္မီးများသည် သာသနာတော်တွင် “သီလရှင်” အမည်ဖြင့်သာ ကျန်ရှိနေပါတော့သည်၊၊ မည်သို့ဆိုစေ အမည်နာမ သည် အရေးကြီးလှသည် မဟုတ်ပါ၊ အကျင့် သိက္ခာများကို ကျင့်သုံးမှုသည်သာ ပဓာနဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင်လက်ထက်တော်က အမျိုးသားများသည် အမျိုးသ္မီးရဟန်း ဘိက္ခုနီများကို အထင်သေးကြပါ သည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်မှ ရဟန္တာဖြစ်ပြီးသော “မဟာပဇာပတိ ဂေါတမီဘိက္ခုနီ”အား ရဟန်းအမျိုးသ္မီး များကို အထင်သေးကြသည့်သူများအတွက် တန်ခိုးအမျိုးမျိုးကို ပြစေပါသည်၊၊ ‘ဂေါတမီဘိက္ခုနီ’သည် ကောင်း ကင်သို့ ဈာန်အဘိညာဉ်ဖြင့်တက်၍ ရေ-မီး-အစုံအစုံ တန်ခိုးအမျိုးမျိုး ကို ဖန်ဆင်းပြပါသည်၊၊ ထိုအခါကြမှသာ အမျိုးသားများသည် အမျိုးသ္မီးရဟန်းများကို ရှိခိုး၊ ဦးချရိုသေလာခဲ့ကြပါသည်၊၊

တင်ပြခဲ့ပြီး အထက်ပါ သာဓက၊ ယုတ္တိ၊ သဘာဝများကိုထောက်ဆ၍ လေ့လာသုံးသပ်လျင် ဗုဒ္ဓဘာသာသည် အမျိုးသ္မီးများကို အလေးထားဆက်ဆံသော ဘာသာတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်၊၊ ထို့အပြင် အမျိုးသ္မီးများ အတွက် အခွင့်အရေး၊ အဆင့်၊ နေရာအကောင်းဆုံးပေးသော ဘာသာတစ် ခုဖြစ်သည်မှာလည်း လက်တွေ့ပင် ဖြစ်ပါသည်၊၊ မိမိရသည်အခွင့်အရေးကို အကောင်းဆုံးအသုံးချရန် သည်ကား အမျိုးသ္မီးများ၏တာဝန်သာ ဖြစ်ပါသည်၊၊

ယနေ့ခေတ်အခါတွင်မူ အမျိုးသ္မီး၊ အမျိုးသားခွဲခြားမှုသည် မရှိသလောက်ပပျောက်ခဲ့ပြီ ဖြစ်ပါသည်၊၊ နိုင်ငံအများ တွင် အမျိုးသ္မီးခေါင်းဆောင်များပေါ်ထွက်လျက်ရှိပြီး၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အမျိုးသ္မီးများသည် အမျိုးသားနည်းတူ စွမ်းရည်ပြ ကြလျက်၊ အခွင့်အရေးတန်းတူရရှိနေကြပြီ ဖြစ်ပါသည်၊၊ အမျိုးသ္မီးများအနေဖြင့် သည့်ထက်ပို၍တိုးတက်အောင် ကြိုးစားနိုင်ကြမည် ဆိုလျင် ပို၍ဘ၀မျက်နှာပန်းလှ ကြမည် ဖြစ်ပါသည်၊၊

အရှင်တင်ပြခဲ့သော ဗုဒ္ဓဘာသာအတွင်း အမျိုးသ္မီးများအတွက် နေရာပေးမှုစာတမ်း အတိုင်းအတာ တစ်ခုအထိ ပြည့်စုံပြီဖြစ်ပါသည်၊၊ ရခဲလှသည့်လူ့ဘ၀တွင် အမျိုးသား၊ အမျိုးသ္မီးမရွေး ကိုယ်တိုင်ကြိုး စားမှုမြင့် ပြီးပြည့်စုံသည့် ဘ၀အဆင့်အတန်းကို ရရှိနိုင်ကြပါစေကြောင်း အာသီသပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊


အရှင်ကေ၀လ (အလင်းစက်)

(www.ko-thitsar.blogspot.com)

မကုဋာရာမ-မြန်မာကျောင်းတိုက်၊

ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊



{ကျမ်းကိုး/ ဓီတုသုတ်၊ ကောသလသံယုတ်၊၊ နန္ဒနီသုတ်၊ သံယုတ္တနိကာယ်၊၊ မဟာဝစ္ဆဂေါတ္တသုတ်၊ မဇ္ဈိမနိကာယ်၊၊ စိတ္တပရိယာဒါယ၀ဂ်၊ အင်္ဂုတ္တရနိကာယ်၊၊ အိတ္ထိဗန္ဓနသုတ်၊ ပုရိသဗန္ဓနသုတ်၊ အဂုင်္တ္တရ နိကာယ်၊ သဗြဟ္မကသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ ဒုတိယ လောက၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ အာဝေနိကဒုက္ခသုတ်၊ သံယုတ္တနိကာယ်နှင့်၊ အမျိုးသမီးဆိုင်ရာ ဆောင်းပါးများစွာကို ကိုးကားလျက် ဤစာတမ်းကို ရေးသားပါသည်၊၊ အချက်အလက်များကို တင်ပြရာတွင် ဆဌသင်္ဂါယာနာမူနှင့်၊ PTSမူမှာ ကွဲလွဲချက်များရှိပါသည်၊၊}

Saturday, August 20, 2011

ဂေါဆရာတော်၊၊ ၊၊



မြန်မာနှင့် သီရိလင်္ကာ သာသနာရေးဆက်ဆံမှုသမိုင်းသည် ပုဂံခေတ်ဦးပိုင်း ပံသုကူမထေရ်ဥတ္တရာဇီ ၀မထေရ်နှင့် တပည့်-ဆပ္ပဒသာမဏေတို့လက်ထက်မှ စတင်ခဲ့သည်ဟု သမိုင်းအထောက်အထားများ အရ သိရပါသည်၊၊ သို့သော် ထိုခေတ်ကသီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတည်ထောင်ခဲ့ခြင်း မရှိ ခဲ့ပါ၊၊ 

(၁၉၀၁)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွတော်မူခဲ့သော ဆရာတော်ကြီး ဦးဝိနယာလ င်္ကာရနှင့် (၁၉၅၂)ခုနှစ်တွင်ကြွခဲ့ကြသော ဆရာတော်ကြီး ဦးညာဏိန္ဒတို့သည် သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတိုက်ကြီးများ တည်ထောင်၍သာသနာပြုခဲ့ခြင်းကြောင့် ယနေ့တိုင်မြန်မာကျောင်းတိုက် ကြီးများကို သီရိလင်္ကာတွင် တွေ့မြင်နေရပါသည်၊၊

ဆရာတော်ကြီးဦးဝိနယာလင်္ကာရတည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးငါးခုအနက်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို ယနေ့တိုင်မြန်မာသံဃာတော်တို့ကပင် ပိုင်ဆိုင်ရရှိထားဆဲဖြစ်ပါသည်၊၊ ဂေါဆရာတော်ကြီး ဟုအသိများသော ဆရာတော်ဦးညာဏိန္ဒတည်ထောင်ခဲ့သော မြန်မာကျောင်းတိုက်ကြီးမှာမူယ္ခုအခါ သီရိ လင်္ကာဘုန်းတော်ကြီးများက ပိုင်ဆိုင်သွားကြပြီဖြစ်ပါသည်၊၊

ဆရာတော်ကြီး ဦးညာဏိန္ဒသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုနှင့်ကီလိုမီတာ (၁၁၆)ခန့်ဝေး သော ဂေါမြို့(Galle city)တွင် “၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်းအမည်”ဖြင့် ကျောင်းတိုက်ကြီး တစ်ခုကိုတည်ထောင်၍ သီရိလင်္ကာပြည်သူတို့အား ဗုဒ္ဓ၏လေးနက်သည့် “အဘိဓမ္မာနှင့်၊ ၀ိပဿနာ နည်း”များကိုဟောပြော၊ သင်ပြသာသနာပြုတော်မူခဲ့သည်ဟု လေ့လာရပါသည်၊၊ 

ကိုလံဘိုမြို့တော်နှင့် ခရီးအတန်ဝေးသောနေရာဖြစ်သဖြင့် မြန်မာသံဃာတော်တို့ အရောက်နည်းသော ဒေသတစ်ခု ဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ မြန်မာကျောင်းဟောင်းလိပ်စာကို သိသည့် သံဃာတော်ပင် အတော်နည်းပါးလာပြီ ဖြစ်သည်၊၊

“အလင်းစက်အရှင်”နှင့် သူငယ်ချင်းများစုပေါင်း၍ (၂၂.၇.၂၀၁၁)နေ့တွင်၊ ဂေါမြို့သို့ လေ့လာရေးခရီး ထွက်ကြရန်တိုင်ပင်ပြီး ကားငှားခြင်းစသည့် ခရီးအတွက်လိုအပ်သည်များကို ပြင်ဆင်ကြသည်၊၊ “ဂေါမြို့”သည် သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်းတွင်တည်ရှိပြီး၊ ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်သဖြစ် ရှုခင်း လွန်စွာလှပသည်ကို တွေ့ရသည်၊၊

ယူရိုပီယံပုံစံအိမ်ကြီး၊ အိမ်ကောင်းများကိုဆောက်လုပ်နေထိုင်ကြ၍ သူဌေးသူကြွယ်များသော မြို့ဟု လည်းသိရသည်၊၊ ဂေါလမ်းခရီးတလျောက်တွင်လည်း ရှေးကြပြီး၊ ခန့်ငြားသည့်စေတီပုထိုးများ၊ ရုပ်တု တော်ကြီးများကို များစွာပင်ဖူးတွေ့ရသည်၊၊

များမကြာသေးမှီနှစ်အနည်းငယ်က ဆူနာမီရေလှိုင်းဒဏ်ကိုခံခဲ့ရသည့်ဂေါမြို့လေးနှင့်၊ ဂေါမြို့အပိုင် ကျေး ရွာများမှ ဆူနာမီအမှတ်တရ စေတီတော်ကြီးများ၊ ရုပ်တုတော်များတည်ဆောက်ထားသည်ကိုလည်း ကရု ဏာသက်ဖွယ်တွေ့မြင်ခဲ့ရသည်၊၊ ဆူနာမီတွင် လူပေါင်းနှစ်သိန်းကျော်မျှ သေဆုံးခဲ့ရ ကြောင်းကိုလည်း “ဆူနာမီအထိမ်းအမှတ် ဂျပန်ဘုရား”တွင် မှတ်တမ်းပြုထားသည်ကို တွေ့ခဲ့ရသည်၊၊

နံနက် (၆)နာရီတွင် ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်မှ ထွက်ခဲ့သောအရှင်တို့ကားလေးသည် ဂေါမြို့သို့ ညနေ(၃)နာရီခန့်တွင် ရောက်ပါသည်၊၊ ဂေါမြို့သည် အင်္ဂလိပ်ခေတ်က ခံတပ်မြို့ဖြစ်သည့် အတွက် “ဂေါခံတပ်”ကြီးများမှာ မြင်ရသူတို့ရင်သတ်ရှုမောဖွယ် ခန်းနားလှပနေပါသည်၊၊

ရှေးခေတ်က သီရိလင်္ကာ၏ မြို့ဟောင်းဖြစ်သည်ကတစ်ကြောင်း၊ အင်္ဂလိပ်ခေတ် ခံတပ်ဟောင်းကြီးရှိနေ သည်ကတစ်ကြောင်း၊ လှပသည့်ဆိပ်ကမ်းမြို့လေးဖြစ်နေသည်ကတစ်ကြောင်းစသော အကြောင်းများ ကြောင့် ဂေါမြို့တွင်နိုင်ငံခြား လေ့လာရေးခရီးသည်များနှင့် ပြည့်နေသည်ကို သတိပြုမိသည်၊၊

ဂေါမြို့ဝန်းကျင်နေရာအနှံ့သို့ လည်ပတ်လေ့လာပြီးသောအခါ ဂေါဆရာတော်ကြီး (၄၁)နှစ်ကြာ၊ သီတင်း သုံးပြီး သာသနာပြုခဲ့ရာ မြန်မာကျောင်းလေးသို့ သွားကြရန်လိပ်စာကို စုံစမ်းကြရတော့သည်၊၊ ခရီးတွင် လိုက်ပါကြသည့် “အလင်းစက်”တို့သူငယ်ချင်းတစ်ပါးမှ လိပ်စာသိသူမရှိကြ၍ လမ်းဘေးတိုလီ၊ မိုလီ ပစ္စည်းများကို နိုင်ငံခြားသားများသို့ရောင်းနေသည့်ဈေးဆိုင်ကို Where located Buruma Temple? ဟုမေးကြည့်သောအခါ ထိုနေရာမှအတန်ဝေးသည့် တောင်ကြီးတစ်ခုအပေါ်သို့လက်ညှိုးထိုးပြပြီး တောင် ပေါ်တွင်တည်ရှိကြောင်း လမ်းညွှန်လိုက်သည်၊၊

ထိုတောင်ပေါ်သို့ နှစ်နာရီခန့်မျှကားနှင့် လိုက်လံရှာဖွေသော်လည်း အနှီမြန်မာကျောင်း၏ အရိပ်အ ယောင်ကိုမတွေ့ရသဖြင့် ကိုလံဘိုသို့ဖုံးဆက်ပြီး နာယကဆရာတော်ထံတွင် ဂေါဆရာကြီး၏ကျောင်း လိပ်စာကို မေးရတော့သည်၊ နာယကဆရာတော်ကလည်း လိပ်စာကိုမသိကြောင်း ဂေါတွင်အိမ် ထောင်ကျနေသည့် မြန်မာဒကာမကြီးတစ်ဦးရှိကြောင်း၊ ဖုံးဆက်မေးဖို့ပြောပြီး ဒကာမကြီး၏ ဖုံးနံပတ် ကို ပေးလိုက်သည်၊၊

ဒကာမကြီးကို ဖုံးဆက်မေးတော့မှ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်သည် တောင်ပေါ်တွင်မဟုက် ဘဲ မြို့လယ်တွင်ဖြစ်နေသည်ကို သိလိုက်ရသည်၊ ကားဆရာကို မြို့တွင်းသို့ပြန်လည်မောင်းခိုင်းပြီး၊ အ ဆင့်ဆင့်မေးမြန်းရင်းဖြင့် ည(၇)နာရီမှောင်ရီဆမ်းကာမှ “ဂေါမြန်မာကျောင်းတိုက်”သို့ ခက်ခဲစွာ ရောက်ရတော့သည်၊၊ “ဂေါ-မြန်မာကျောင်းတိုက်သည် မြန်မာသံဃာတော်တို့နှင့် ကံမစပ်လေဟန် တကား”ဟုလည်း ဆင်ခြင်မိသည်၊၊

ဂေ-ါမြန်မာကျောင်းတိုက်သည် တောင်ခြေတွင်တည်ရှိပြီး တောအုပ်အစပ်ဖြစ်သည်၊၊ တရားဘာဝနာ ဖြင့် ပျော်မွေ့လိုသူများအတွက် အလွန်သင့်လျော်သောနေရာလေး ဖြစ်သည်၊၊ လူသူတိတ်ဆိပ်ပြီး၊ အေးချမ်းသည့် ကျေးငှက်များ၏တွန်မည်သံကို အစဉ်ပင်ကြားနေရသည်၊၊

ဂေါဆရာတော်ကြီးသည် ဤကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး ဒေသခံပြည်သူများကို ပညာသင်ပေး ရုံမက အောင်မြင်သည့်သာသနာပြုဆရာတော်ကြီးတစ်ပါးဖြစ်တော်မူခဲ့သည့်အတွက် ဆရာတော်ကြီးမရှိ တော့သည်မှာ နှစ်များစွာကြာခဲ့သည်တိုင် ဆရာတော်ကြီး၏အမည်ကို ကလေးမှအစသိနေ ကြပြီး၊ ကျောင်း တိုက်ကိုလည်း သီရိလင်္ကာနာမည်သို့ပြောင်းထားသည့်တိုင် “ဗုဒုမကျောင်း”ဟုပင် သီရိလင်္ကာအသံမပီ တ ပီဖြင့် ခေါ်တွင်နေကြသည်ကို လွမ်းမောဖွယ်တွေ့ခဲ့ရသည်၊၊ “ဗုဒုမ”ဟူသည်မှာ Burmaကို “ဗားမား”ဟု ထွက်ရမည့်အစား သီရိလင်္ကာကုလားအသံဖြင့် “ဗု ဒု မ”ဟု ခေါ်ဆိုခြင်းဖြစ်ပါ သည်၊၊

ဂေါဆရာတော်ကြီး၏ကျောင်းတိုက်တွင် ဆရာတော်ကြီးမရှိတော့သော်လည်း ဆရာတော်ကြီး နေ သွားသည့် အခန်းကိုမူလအတိုင်း ထားထားသည်ကို တွေ့ရသည်၊ ဆရာတော်ကြီး၏ အသုံးအဆောင် ပစ္စည်းများကိုလည်း စနစ်တကျသိမ်းဆည်းထားသည့်အပြင် ကျောင်းတိုက်၏အတွင်း နံရံတွင်ဆရာ တော်ကြီး၏ ဗီနိုင်းပုံကြီးကိုခန်းလုံးပြည့်ချဲ့ပြီး ချိပ်ထားသည်ကို တွေ့ရသည်၊၊

လက်ရှိ ဂေါမြန်မာကျောင်းတိုက်ကို ပိုင်ဆိုင်ထားသည့် သီရိလင်္ကာဘုန်းကြီးလေးမှာ ဂေါဆရာတော် ကြီး၏ တပည့်အရင်းဖြစ်ပြီး၊ မြန်မာတို့၏စိတ်ဓာတ်ကို အလွန်လေးစားသည်ကိုလည်း တွေ့ခဲ့ရသည်၊၊ မြန်မာကျောင်းတိုက်သို့ မြန်မာသံဃာတော်လေးများ လာရောက်လည်ပတ်သည်ကို အလွန်ဝမ်းသာ ကြည်နူးနေဟန်၊ မရှိတော့သည့်ဆရာတော်ကြီးကိုလည်း လွမ်းမောလေဟန် စိတ်မကောင်းဖွယ်တွေ့ခဲ့ ရသေးသည်၊၊

“အလင်းစက်”တို့သူငယ်ချင်းများ ဂေါမြန်မာကျောင်းတိုက်မှထွက်ခွါခဲ့ကြီး၊ ည(၁၂)ခန့်တွင် ကိုလံဘို၊ မကု ဋာရာမကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြတော့သည်၊၊ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်နှင့် သာ သနာ ပြုစိတ်ဓာတ်တို့ကိန်းအောင်းရာ ဂေါကျောင်းတိုက်ကို နောင်လာနောက်သားညီတော်၊ နောင်တော် များသိရှိ၊ ဗဟုသုတဖြစ်ကြစေရန် ဤခရီးသွားမှတ်တမ်းကို တင်ပြခြင်းဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော် ကြီး၏ အားကျဖွယ်အတ္ထုပ္ပတ္တိကို တင်ပြပါမည်၊၊

ဂေါ-ဆရာတော်လောင်းလျာသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မြို့ဟောင်းဈေးတန်းရပ်နေ ကားအင်ဂျင်နီ ယာ-ဦးစံသူ၊ ဒေါ်ဖွားရှင်တို့မှ (၁၂၇၆)ခု၊ ၀ါဆိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့၊ (၁၉၁၄)ခုနှစ်၊ ဇူလိုင်လတွင် ဖွားမြင်တော်မူပါသည်၊၊

ဆရာတော်လောင်းလျာသည် အသက် (၁၆)နှစ်အရွယ်၊(၁၂၉၂)ခုနှစ်၊ကဆုန်လဆန်း(၁)ရက်၊ တနင်္ဂနွေနေ့ တွင် သန်လျင်မြို့၊ ပထမဘုံပြန်ဆရာတော်ကြီး ဘဒ္ဒန္တသုဇာတအရှင်မြတ်ကို ဥပစ္ဇျာယ်ပြုလျက် ခမည်း တော်+မယ်တော်တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူပါသည်၊၊ ဘွဲ့အ တော်မည်မှာ အရှင်ညာဏိန္ဒဖြစ်ပါသည်၊၊

(၁၂၉၆)ခုနှစ် နယုန်လဆန်း (၁၀)ရက် အင်္ဂါနေ့တွင် ခရမ်းမြို့ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်တိုက် သိမ်တော်ကြီးဝယ် ပထမဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယကိုဥပစ္ဇျာယ်ပြု၍၊ ခရမ်းမြို့၊ မြေပိုင်ရှင်-ဦး တင်+ဒေါ်စုတို့၏ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊၊ ဂေါ-ဆရာ တော်ကြီးကို ဦးမောင်မောင်+ဒေါ်ခင်စောရွှေမိသားစုတို့မှ သိက္ခာထပ်လှူခဲ့ကြပါသည်၊၊

ဆရာတော်လောင်းလျာသည် ဘုံပျံကျောင်း၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တက၀ိထံတွင် အခြေခံကျမ်း စာများကို သင်ကြားပြီးနောက် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ် ဆရာတော်ဘဒ္ဒန္တ နန္ဒိယ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျ၊ တိုက်ကျပ်ဆရာတော် ဘဒ္ဒန္တဆန္ဒ၊ စာချဆရာတော် ဘဒ္ဒန္တအိန္ဒာ သဘ၊ ဘဒ္ဒန္တပုည၊ အဘိဓမ္မာဝိဘာဝနီဋီကာကျော်ယောဇနာကျမ်းပြု ဘဒ္ဒန္တညာနိန္ဒာသဖ (ဆရာကြီး ဦးစံလင်း)၊ ကျိုက်လတ်မြို့၊ မစ္ဆိမာရုံမဟာရွှေကျင်တိုက် သတ္တမရွှေကျင်နိကာယဥက္ကဌ၊ သာသနာပိုင် ဆရာတော် ဘဒ္ဒန္တကေလာသ၊ စာချဆရာတော် နန္ဒက၊ နာရဒါဘိဝံသစသောစာချဆရာတော်များအထံတွင် ပါဠိ၊ အဌကထာ၊ ဋီကာ၊စသောကျမ်းဂန်များကို နည်းစုံအောင် သင်ကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် ရဟန်း(၁၀)၀ါအရတွင် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်သို့ ပြန်ကြွတော် မူပြီး၊ စာသင်သားတို့အား (၈)နှစ်တိုင် စာပေပို့ချခဲ့ပါသည်၊၊ ရဟန်း(၁၈)၀ါအရ(၁၉၅၂)ခု၊ဇူလိုင်လ(၁၉)ရက်နေ့ တွင် သီရိလင်္ကာနိုင်ငံသို့ကြွတော်မူပြီး ဗုဒ္ဓဘာသာဝင် သီရိလင်္ကာလူမျိုးတို့အား ဗုဒ္ဓတရားတော်များကို သီရိလင်္ကာဘာသာဖြင့် ဟောကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင်နေတော်မူခိုက်- - -
   (၁) ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမယကျောင်းတိုက်၊
   (၂) နုဂေဂေါဓ၊ သိရီဓမ္မာရာမယကျောင်းတိုက်၊
   (၃) မဟိန်တလေ၊ ကာလုဒိယပေါကုဏကျောင်းတိုက်၊
   (၄) မာတလေ ပါလေပေါလသေနာသနကျောင်းတိုက်၊
   (၅) မဟာနုဝရ၊ ကန္နီ-ဆေနာနာယကာရာမယကျောင်းတိုက်၊
   (၆) ကလပလုဝါ၀၊ တပေါဝနာရာမယကျောင်းတိုက်၊
   (၇) မာတရ၊ဥဒုကာေ၀၀ဇိရာရာမယကျောင်းတိုက်၊
   (၈) ဒိယတလာဝ၊ ညာဏာရာမ၀ိဝေကာရာမယကျောင်းတိုက်၊
   (၉) ဥတုရုတလာလ သန္တ၀ိဝေကာရာမယကျောင်းတိုက်၊
   (၁၀) ဒေါဒန်းဒူဝ၊ ပေါလဂဿဒူဝ သေနာသနကျောင်းတိုက်၊
   (၁၁) ဂေါမြို့- ၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်းတိုက်တို့၌ လှည့်လည်သီတင်းသုံး၊ သာသနာ ပြုတော်မူခဲ့ပါသည်၊၊

ဒေဟိဝလ၊ ယက္ကမန၊ ဒေဏမန၊ ၀လသမူလ၊ နာရန်ဂမူ-အစရှိသောဌာနတို့၌ သီတင်းသုံးလျက် အနှစ် (၄၁)တိုင်အောင် သီရိလင်္ကာဒါယကာ ဒါယိကာမတို့အား ဗုဒ္ဓတရားတော်များကို သင်ကြားတော်မူခဲ့ ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးတော်မူခိုက် - - -
   (၁) ယမိုက်ဆယ်ကျမ်း၊
   (၂) မဟာစည်ဆရာတော်၏ “၀ိပဿနာရှုဖွယ်ကျမ်း”
   (၃) မဟာစည်ဆရာတော်၏ “တရားအားထုတ်ရသည့်အကြောင်းကျမ်း”
   (၄) မစိုးရိမ်ဆရာတော်၏ “ပဌာန နယူပဒေသကျမ်း”
   (၅) ဘဒ္ဒန္တနာရဒါဘိဝံသ၏ “မြန်မာပြန်သဂြိုဟ်ကျမ်း”
  (၆) အရှင်ဇနကာဘိဝံသ၏ “၀ီထိသုံးချက်စုကျမ်း”၊စသည်တို့ကို သီရိလင်္ကာဘာသာသို့ ပြန်ဆို တော်မူခဲ့ ပါသည်၊၊

ဆရာတော်သည် သီလ၊သမာဓိ၊ပညာ၊ခမာ၊ဇာဂရိယ၊စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် သီရိလင်္ကာ နိုင်ငံရှိ နိုင်ငံတော်အကြီးအကဲခေါင်းဆောင်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုလေးစားမှုကို ခံယူရ ရှိတော်မူပါသည်၊၊ 

ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ(၁၃၅၄)ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံ ဆိပ်”တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊၊ ဆရာတော်သည်သက်တော်(၇၇)နှစ်၊သိက္ခာတော်(၅၇)၀ါရှိပြီ ဖြစ်သည်၊၊

မြန်မာနိုင်ငံရှိ တပည့်ဒါယကာဒါယိကာမအများဆွေမျိုးများ၏ လျောက်ထားတောင်းပန်ချက်အရ နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်၊ ကျောင်းဒါယ ကာ+ကျောင်းဒါယိကာမများဆောက်လုပ်လှူဒါန်းသော ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ မြန်မာ -သီရိလင်္ကာရာမကျောင်းတိုက်၌ (၁၉၉၄)ခုနှစ်မှစတင်၍ သီတင်းသုံးတော်မူကာ ပြည်တွင်း၊ ပြည်ပသာ သနာပြုတော်မူပါသည်၊၊

ဂေါဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို လေ့လာမှတ်သားပြီး၊ ဆရာတော်ကြီးကဲ့သို့အောင်မြင်သည့် သာသနာ ပြုဖြစ်ပါရစေကြာင်းနှင့်၊ ဗုဒ္ဓရှင်တော်၏သဒ္ဓမ္မသုံးဖြာ သာသနာတော်တွင်အောင်မြင်သည့် သာသနာပြုဆ ရာတော်များ ပေါ်ထွန်းလာပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းအပ်ပါသည်၊၊   ၊၊   

(မှတ်ချက်/ ဂေါ-ဆရာတော်ကြီး ကိုယ်တိုင်ရေးသားတော်မူခဲ့သည့် “စတုရာရက္ခရှုဖွယ်ကျမ်း,ပုဂံခရီးသည် (ပါရဂူ)”တို့ကို ကိုးကား၍ ရေးသားတင်ပြအပ်ပါသည်၊၊)


                                                                           အရှင်ကေ၀လ(အလင်းစက်)
                                                                       
                                                  

Tuesday, July 19, 2011

ဒေါ်ခင်စောရွှေ+ဒေါ်ခင်စောဝေတို့၏ မွေးနေ့


ယနေ့-၁၃၇၃.ခုနှစ်၊ ၀ါဆိုလပြည့်တော်(၄)ရက်၊ အာဇာနည်နေ့တွင် အမွှာညီအမများဖြစ်ကြသည့် ဒေါ်ခင်စောရွှေ+ဒေါ်ခင်စောဝေ၊ညီအမတို့မှ သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာသင်ယူနေကြသည့် သံဃာတော်အရှင်    (၂၅၀)ကျော်တို့အား (၅၁)ပြည့် ၀ိဇာတမင်္ဂလာမွေးနေ့၊ နေ့ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်၊၊

မွေးနေ့ရှင်များဖြစ်ကြသည့် ဒေါ်ခင်စောရွှေ+ဒေါ်ခင်စောဝေ၊ညီအမတို့သည် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပြီး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို ဆထက်တိုး၍သယ်ပိုးဆောင်ရွက် အောင်မြင်ကြပါစေကြောင်း  ဆွမ်းအလှူကို တာဝန်ယူ လှူဒါန်းပေးသည့် အရှင်ကေ၀လ(အလင်းစက်)မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်၊၊

စွန့်ကြဲပေးကမ်းမှု=ဒါနသည် အမြတ်ဆုံးမင်္ဂလာဖြစ်သည်ဟု "မင်္ဂလသုတ်"တွင် မြတ်စွာဘုရားရှင်ဟောတော်သည့် ဒေသနာတော်အရ မွေးနေ့ရှင်များသည် အမြတ်ဆုံးအလှူကိုပေးလှူကြခြင်းဖြစ်သည့်အတွက် "ဘ၀တွင်လည်း အကောင်းဆုံးအကျိုးတရားနှင့်၊ အမြတ်ဆုံးအဆင့်အတန်းများကို သေခြာပေါက်ရရှိမည်"ဟု ယုံကြည်မိပါသည်၊၊

သီရိလင်္ကာတွင် ပညာသင်ယူနေကြသော သံဃာတော်များမှာ မြန်မာပြည်မှာကဲ့သို့ ဆွမ်းကိုအလွယ်တကူ ရရှိသည်မဟုက်ဘဲ တက္ကသိုလ်အတန်းများအားလပ်ချိန်တွင် ကိုယ်တိုင်ချက်ပြုပ်၍ သင့်သလိုမျှတရသည့် နေရာဖြစ်သည့်အတွက် ဤနေရာမျိုးတွင်အလှူဒါနကို ပြုရသည်မှာသာမန်ထက် မွန်မြတ်သည်ဟု ဦးဇင်းထင်မြင်မိပါသည်၊၊

ယနေ့မွေးနေ့ရှင်များ၏ ဆွမ်းအလှူသည် သံဃာတော်များ၏ ပညာရေးပန်းတိုင်သို့ အားသွန်ခွန်စိုက် အပြေးချီတက်နေချိန်တွင် လမ်းခုလပ်မှ ရေကြည်ရေအေးလေး တစ်ပေါက်မျှကမ်းလင့်သည်နှင့် များစွာတူညီနေပါသည်၊၊

မောပမ်းနေသူအတွက် ရေအေးလေးတစ်ခွက်သည်ပင် များစွာအင်အားကိုဖြစ်စေသကဲ့သို့ပင်၊ ဆွမ်းတစ်နပ်ပင်ဖြစ်သော်လည်း စာသင်သားသံဃာတော်များ၏ စိတ်အားကိုမြှင့်ပေးရာ ရောက်သည့် အတွက် တကယ်ပင်မှတ်တမ်းတင်ထိုက်သည့် ကုသိုလ်ဖြစ်ပါသည်၊၊

သီရိလင်္ကာကဲ့သို့ ဆွမ်းချက်၍ကပ်မည့် မြန်မာလူမျိုးမရှိသော အရပ်ဒေသ၊ နိုင်ငံတွင်သံဃာတော်များနှင့် ရှေးဘ၀ရေစက်ပါသဖြင့် ဆွမ်းဆက်ကပ်ခွင့်ရသည့် မွေးနေ့ရှင်များသည် ဆထက်တိုး၍ချမ်းသာသူများ၊ ကျန်းမာသူများ၊ သာသနာတော်ကိုစောင့်ရှောက်နိုင်သူများဖြစ်ကြပါစေကြောင်း သံဃာတော်အများ၏ကိုယ်စား ဆုမွန်ခြွေအပ်ပါသည်၊၊

                                                             အရှင်ကေ၀လ (အလင်းစက်)
                                                    မကုဋာရာမမြန်မာကျောင်း၊ သီရိလင်္ကာနိုင်ငံ၊
                                                                     (၁၉.၇.၂၀၁၁)

Saturday, January 22, 2011

ဘ၀အောင်မြင်နည်း(၄)မျိုး

ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊ တို့ဖြစ်ကြပါတယ်၊၊

"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့ စွမ်းရည်လို့ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ်ကြီးနှင့်အတူ၊ ဒေ၀ဒတ်ရဲ့ လုပ်ကြံမှု၊ ဆင်ကြမ်းကြီးရဲ့ ရန်ကနေလွတ်ခဲ့တာပါ၊၊

"ကိုယ်ကျင့်တရား ဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည်လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြ ရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည် မခံပါဘူး၊  "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့ စကားတခုဖြစ်ပါတယ်၊၊

စဉ်းစားဖို့ကောင်းတာက ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက် မကောင်းဘူးဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလိုလုပ်တတ်သူတွေ ဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊

ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့ လက်နက်တ မျိုးဆိုတာကို ယုံရမှာဖြစ်ပါတယ်၊၊

"ပေးကမ်း ရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီးအတွက် ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊

ဒီလိုဆိုရင်လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊ စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေ ပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ ဆိုရမှာပါ၊၊
ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့အကြွေးကို ပြန်လည်ပေးဆပ်ရာရောက် ပါတယ်၊၊

နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊) 
လောကကြီးမှာကလည်း ကြည့်လိုက်ရင် နှမျောတတ် တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာ ရက်ရော ပေးကမ်းတတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှ ရပါတယ်၊၊

ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့် နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော်ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများက ချစ်လျင် သူတော်ကောင်းများ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊

 "အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊  လူတယောက် စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊

တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့ အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊

ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံး ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားထားပါ တယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာဘုရားရှင် မိန့် တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊  အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊

အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာပညာ တတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလို အလေးထားတာ ကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့ တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊

ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီးဆိုပါ တော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့ဆိုတာက လည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ ပတ်ဝန်းကျင်တွေနဲ့ နှီး နှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊ အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါ ပါတယ်၊၊

ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအရည် အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲစတာတွေကိုသာ ကြည့်ကြ ပါတယ်၊၊

မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိက လေးလေးနက်နက် အမှန်ကိုပြောဆို ခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေးပါကြောင်းကို ပါဠိစာပေ နေရာများစွာမှာ လေ့လာရပါတယ်၊၊

သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကို မဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့ အလေ့ကို သစ္စာပါရမီလို့ နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲကြောင်း ပြောနေဖို့ မလိုပါဘူး၊၊ ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်ဆိုတာ လောက်ကို စကားအရာပင် ပြောနေဖို့ မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊

အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှ ရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာ တို့ ဖြစ်ပါတယ်၊၊

ဒီလေးမျိုးသာ မိမိမှာ ရှိမယ်ဆိုရင် လိုချင်တာကို ရပါတယ်၊၊ ဘုရားတောင်မှ ဖြစ်စေတဲ့နည်းတွေဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများ လောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါ တယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊

ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီ ဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှ ရေရေရာရာ မပြည့်စုံသေးလို့ဆိုတာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊

စာဖတ်သူများ ဘုရားပေးတဲ့ အောင်မြင်လေးမျိုးကို လေ့လာသိမှတ် ကျင့်ကြံသောအားဖြင့် ဘ၀မှာ ပြည့်စုံ သူများဖြစ်ပြီး၊ သံသရာမှာ မျက်နှာလှသူများ ဖြစ်ကြပါစေ......................