"အလင်းစက် မိသားစုကမ္ဘာ"သို့ အလည်ရောက်လာသူများအားလုံး ယ္ခုနှစ်တွင်ကျရောက်သော မြန်မာနှစ်သစ်ကူးမှသည် အသက်ထက်ဆုံးကျန်းမာ ပျော်ရွှင်ကြပါစေ၊၊

Monday, October 29, 2012

မိဘကျေးဇူး၊၊ ၊၊


ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊

(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊
(၄) မိဘ၊
(၅) ဆရာတို့ဖြစ်ကြပါသည်၊၊

ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊၊

ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူးသည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍ အထူးပြုသုံးနှုံးထားပါသည်၊၊

လူတစ်ယောက်အတွက် နေ့စဉ်ဘ၀ရောက်ပြီးချိန်တွင် မည်မျှခက်ခဲသည်ဆိုစေကာမူ ဘ၀ရပ်တည်မှု အခက်ခဲဆုံးအချိန်သည် မိခင်၏၀မ်းတွင်သန္ဓေနေရချိန် ဖြစ်ပါသည်၊၊ သန္ဓေသားအတွက်တင်မက ထိုအချိန်သည် မိခင်လောင်း၏ဘ၀ရှင်သန်ရပ်တည်မှုသည်လည်း အခက်ခဲဆုံးနှင့်သေဆုံးရန်အနီးဆုံး အချိန်ဟုဆိုလျင် မမှားနိုင်ပါ၊၊

မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံးနည်းလမ်းများကို လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်များကို မိဘတို့မွေးဖွားပေးကြရပါသည်၊၊

မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊ ရင်သွေးများအတွက် ဘာသာစ ကားနှင့် နေ့စဉ်ဘ၀ပြုမူနေထိုင်ပုံများကို မိဘများမှသင်ပေးကြရပြီး၊ လူလားမြောက်သော် စာသင် ကျောင်းများသို့ ပိုပြီးပညာများကိုသင်စေကြရပါသည်၊၊

ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အပြကောင်းစေကာမူ အိမ်ပြန်ရောက်ချိန်တွင် မိဘများမှ ပံ့ပိုးသင်ပြမှုမရှိလျင် သားသမီးများ၏ပညာရေး ထက်မြက်တိုးတက်လာနိုင်မည် မဟုတ်ပါ ချေ၊၊

မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘ၀တာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊ လမ်းပြ၍ဖြစ်စေပျိုးထောင်ပေးရခြင်း၊ အိမ်ထောင်ပြုရာတွင် တာဝန်ယူပေးရခြင်းနှင့် တစ်သက်တာကိုယ်ပိုင်ပစ္စည်းများကို “အမွေ”ဟူသောအမည်ဖြင့် လွှဲအပ်ရ ခြင်းတာဝန်များကိုကျေပွန်အောင် ထမ်းဆောင်နိုင်ကြလေသည်၊၊ 

သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိန်တွင် မိခင်၏ခန္ဓာဗေဒဆိုင်ရာပျက်စီးမှုများစွာရှိသည် ကိုအသိအမှတ်ပြုမိသည့် သားသမီးအလွန်နည်းပါးလှပါသည်၊၊ ထို့ကြောင့် သားသမီးမမွေးဖွားရသည့် အပျိုကြီးများနှင့် သားသမီးများစွာမွေးဖွားရသည့် မိခင်များအရွယ်တင်ပုံခြင်း ကွာခြားခြင်းဖြစ်ပါသည်၊၊

မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘ၀အတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက်မှုမရှိကြ တော့ဘဲ သားသမီးများအတွက်သာ ဘ၀ကိုမြှုပ်နှံလိုက်ကြတော့သည်ကို တွေ့ပါသည်၊၊ ထိုကဲ့သို့ပင် ဘ၀ကိုစတေး၍ ရင်သွေးများကိုပြုစုပျိုးထောင်သူများဖြစ်သောကြောင့် “ကျေးဇူးဆပ်မကုန်သူများ”စာ ရင်းတွင်ပါဝင်ရခြင်း ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ်လျင် သာမန်လူများကိုမဆိုထားဘိ၊ မိဘ ကျေးဇူးကိုမြတ်စွာဘုရားရှင်သော်မှ ကျေပွန်အောင်ဆပ်မသွားနိုင်ဟူ၍ နောက်ပိုင်းသီဟိုဠ်ခေတ်များ တွင်ရေးသားသည့် ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၄င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၄င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘ၀အခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊၊

ဗြဟ္မာကြီးများဟူသည် မှာ မိဘတို့သည်သားသမီးများနှင့်ပတ်သက်လျင် “ဗြဟ္မ၀ိဟာရတရားလေးမျိုး” ကို ကျင့်သုံးလေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးဟူသည်မှာ---
(၁) မေတ္တာ၊
(၂) ကရုဏာ၊
(၃) မုဒိတာ၊
(၄) ဥပေက္ခာတို့ဖြစ်ကြပါသည်၊၊

ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ အကျိုးလိုလားခြင်း၊ အကျိုးပြုခြင်းများကို “မေတ္တာ”ဟုခေါ်ပါသည်၊၊ မိဘတို့သည် သားသမီးများအပေါ်တွင် မေတ္တာစိတ်မည်မျှကြီးမားသည်ကို လက်တွေ့ဘ၀များတွင်၎င်း၊ စာပေများတွင်လည်း သာဓကများစွာတို့ဖြင့်ဖော်ပြထားပါသည်၊၊

သုဒ္ဓေါဓနမင်းကြီးသည် သားတော်ဖြစ်သည့် မြတ်စွာဘုရားရှင်ကို“သားတော်ဘုရားရှင် မိဘတို့၏ သား သမီးများကိုချစ်သည့်စိတ်သည် အရေထူ၊ အရေပါး၊ အသား၊ အကျော၊ အရိုးတို့ကိုဖောက်ထွင်းပြီး ရိုးတွင်းချင်ဆီကိုစွဲ၍ တည်ရှိပါသည်”ဟု လျောက်တင်ခဲ့ဖူးပါသည်၊၊

သနားခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းများကို “ကရုဏာ”ဟုခေါ်ပါသည်၊၊ သားသမီးများ၏အလေးအပေါ့ များများကို ရွံရှာခြင်းမရှိဘဲပြုစုနိုင်ခြင်းမှာ ကရုဏာကြောင့်ဖြစ်ပါသည်၊၊ မိဘများ အိုမင်းမစွမ်းရှိသော အခါသားသမီးများမှ အလေးအပေါ့မနိုင်တော့၍ ချောင်ထိုးထားပြီးရွံရှာကြသည်ကို တွေ့ရပါသည်၊၊

အမေတို့၏ပါးစပ်တွင်းသို့ သားသမီးတိုင်း၏အလေးအပေါ့ မစင်ဘူးသူဟူ၍မရှိကြောင်း သိရပါသည်၊၊ မိဘတို့သည် သားသမီးတို့၏အလေးအပေါ့ကို မရွံရုံမျှမကအရသာကို စူးစမ်း၍ပင်ကြည့်ပြီး၊ လိုအပ် သည့်ဆေးဝါးများကို သားငယ်သမီးငယ်များကို တိုက်ကျွေးလေ့ရှိပါသည်၊၊

သားသမီးများ၏တိုးတက်မှုကို ၀မ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်းများကို “မုဒိတာ”ဟုခေါ်ပါသည်၊၊ မှန်ပါသည်၊၊ တချို့မိဘများသည် ကိုယ်တိုင်စာမတတ်ကြပါ၊ သားသမီးများကိုမူ ပညာတတ်အောင် သင်ပေးကြလေသည်၊၊

ပညာစုံသောအခါ အလုပ်ကောင်းများဖြင့် သားသမီးအချို့သည်မိဘများထက် ချမ်းသာကြွယ်ဝတတ် ကြပါသည်၊၊ အိမ်ထောင်ကျကောင်းလျင် ပိုမိုချမ်းသာကြရပါသည်၊၊ မိဘများသည် သားသမီး၏ချမ်း သာမှုကို မည်သည့်အခါတွင်မှမနာလိုသည်မရှိဘဲ ကျေနပ်အားရကြသည်ချည်းသာ ဖြစ်ပါသည်၊၊

ချစ်ခြင်းမေတ္တာကြီးမားသည့်တိုင် သားသမီးတို့၏စီးပွားဥစ္စာများနှင့်၊ ခွဲခွါမှုဒဏ်ကိုသည်းခံနိုင်ခြင်းကို “ဥပေက္ခာ”ဟု ခေါ်ပါသည်၊၊ ဤနေရာတွင်အချို့က “လျစ်လျူရှုခြင်းကို-ဥပေက္ခာ”ဟု ပြောလေ့ရှိကြပါ သည်၊၊

သဘာဝယုတ္တိဖြင့် လေ့လာကြည့်လျင်မိဘတို့သည် သားသမီးများကိုမည့်သည့်အချိန်တွင်မှ လျစ် လျူရှုလေ့မရှိဘဲ သားသမီးတို့၏ပိုင်ဆိုင်မှုကို လိုလားတပ်မက်ခြင်းမှဝေးခြင်းကိုသာ မိဘတို့၏ဥပေက္ခာ သဘောတရားဟူ၍ မှတ်သားသင့်ပါသည်၊၊

ထို့ထက်ပို၍ မိဘများသည် သားသမီးတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ၀င်ရောက်စွတ်ဖက်မှု မရှိခြင်းများနှင့်၊ သားသမီးများကို လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းများကိုလည်း မိဘတို့၏ဥပေက္ခာ သဘောတရားများဟူ၍ မှတ်သားနိုင်ပါသည်၊၊

ဗြဟ္မ၀ိဟာရတရားလေးမျိုးသည် နာမည်အားဖြင့်သီးခြားစီဖြစ်သော်လည်း တစ်မျိုး၏အထဲတွင် အခြား တစ်မျိုး၏ အနှစ်သာရနှင့်သဘောတရားများပါဝင်ပြီးဖြစ်၍၊ ခွဲခြားမရကောင်းသော မိဘတို့၏သား သမီးများအပေါ်ထားရှိသည့် စိတ်ဓာတ်အခြေခံစွမ်းရည်များဖြစ်ကြောင်း မှတ်သားရပါမည်၊၊

ဤတရားလေးမျိုးသည် ဘာသာအယူအဆမတူသည်ဖြစ်စေ တူသည်ဖြစ်စေ မိဘတိုင်းတွင်ရှိကြပါ သည်၊၊ ချွင်းချက်အားဖြင့် သားသမီးကိုစွန့်ပြစ်သည့်မိဘအချို့နှင့် သားသမီးနှင့်အဆင်မပြေသည့် မိဘအချို့လည်းရှိတတ်ပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏ဘ၀ကံကြမ္မာ မကောင်းခဲ့ခြင်းကြောင့် သာ ဖြစ်ရပါသည်၊၊

ထိုသို့ဖြစ်ရခြင်းအပေါ်တွင် မိဘအပေါ်စော်ကားမိသူများနှင့် ကျေးဇူးမဲ့ကိုပြုမိသူများသည် ဘ၀အ ဆက်ဆက် ဆိုးသည်ထက်ဆိုးသည့် မိသားစုပတ်ဝန်းကျင်နှင့်သာ တွေ့ရတတ်သောကြောင့် မိဘများ အပေါ် သားသမီးများအနေဖြင့် ကျေသင့်သည့်တာဝန်ကိုကျေပွန်စေရန် ကြိုးစားသင့်လှပါသည်၊၊

 “မိဘများသည် သားသမီးတို့အိမ်တွင် အမြဲတန်းဧည့်သည်ဖြစ်ခွင့်ရှိသူများ ဖြစ်ကြပါသည်၊၊ သားသမီး များအနေဖြင့် မိဘများမိမိတို့အိမ်သို့ လာရောက်ခဲ့သော်လက်မခံခဲ့လျင် သားသမီးတာဝန်ပျက်ကွက် ခြင်းသာဖြစ်ပါသည်၊၊”

“ပရာဘ၀သုတ်”တွင် “သားသမီးများသည် စီးပွားပြည့်စုံနေပါလျက် အရွယ်လွန်ပြီးသည့်မိဘများကို ထောက်ပံ့မှုပျက်ကွက်ခဲ့လျင် ဘ၀နှင့်သံသရာကျရှုံးခြင်း၏အကြောင်း ဖြစ်သည်”ဟု မြတ်စွာဘုရားရှင် ညွန်ပြ ထားပါသည်၊၊

“မိဘကိုပြုစုမှုမရှိဘဲ စွန့်ပြစ်သည့်သားသမီးများသည် လက်ရှိဘ၀တွင်အများကဲ့ရဲ့ခြင်းကို ခံရတတ်ပြီး၊၊ အကုသိုလ်ပွားများလျက်ရှိသည်၊၊ သေလွန်သော် အပါယ်ငရဲသို့ကျရသည်”ဟုပါဠိတော်တွင် ဖော်ပြ ထားပါသည်၊၊ ဆန့်ကျင်ဘက်အားဖြင့် “မိဘများကို ပြုစုလုပ်ကျွေး သည့်သားသမီးသည်ကို ပညာရှိသူ၊ သူတော်ကောင်း”ဟုခေါ်ကြောင်း ဖော်ပြထားပါသည်၊၊

မင်္ဂလသုတ်တွင် “မိဘကိုလုပ်ကျွေးပြုစုခြင်းသည် မင်္ဂလာတစ်မျိုးဖြစ်သည်”ဟု ဆိုပါသည်၊၊ “သားသမီး သည် တိုးတက်လာသောစီးပွားရေးဖြင့် မိဘကိုနှစ်သက်စေ၏၊ ပြုစုလုပ်ကျွေး၏၊ ထိုစီးပွားဥစ္စာကို ရန် သူမျိုးငါးပါးတို့ကမဖြက်ဆီးနိုင်ဘဲ ထာဝရတည်တန့်သည်”ဟု အခြားသောပါဠိတော်တနေရာတွင် ဖော် ပြထားပါသည်၊၊

သိင်္ဂါလောဝါဒသုတ်တွင် “မိဘတာဝန်”နှင့်“သားသမီးတာဝန်”များကိုလည်း မြတ်စွာဘုရားရှင်သည် တိ ကျစွာ လမ်းညွန်ထားပါသည်၊၊ မိဘများနှင့် သားသမီးများတို့သည် မြတ်စွာဘုရားရှင်ညွန်ပြတော်မူ သည့်တာဝန်များကိုကျေပွန်ကြလျင် မိဘနှင့်သားသမီး ချစ်မငြီးဘဲပျော်ရွှင်ဖွယ် သားသမီးနှင့်မိဘ ဆက်ဆံရေးကိုရရှိမည် ဖြစ်ပါသည်၊၊

မိသားစုတစ်စုတွင် မိဘနှစ်ဦးတို့သည် သားသမီး(၁၀)ခန့်ကို ပြုစုပျိုးထောင်နိုင်ကြသော်လည်း မိဘ နှစ်ဦးကို သားသမီး(၁၀)ဦးတို့မှ ၀မ်းဝအောင်မကျွေးမွေးနိုင်သဖြင့် မိဘအချို့လမ်းဘေးရောက်ရသည် ကို အရှင်ကိုယ်တိုင်တွေ့ရဘူးပါသည်၊ သားသမီးများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

အရှင်“ဦးထွန်းလင်ခြံလမ်းရှိ ကျေးဇူးရှင်‘ဆရာကြီးဦးမြကြိုင်’၏ အင်္ဂလိပ်သင်တန်း”တွင် တက်နေစဉ်က ဖြစ်ပါသည်၊၊ သင်တန်းနှင့် ကိုက်တစ်ရာခန့်လမ်းဘေးတွင် နေ့စဉ်အဘွားအိုတစ်ဦး မြေနှင့်ဦးခေါင်းကို ထိထားပြီး တနေကုန်ပိုက်ဆံတောင်းနေသည်ကို တွေ့ရသည်၊၊

ဆရာကြီးမှ မိဘကျေးဇူးနှင့်ဆက်စပ်ပြီး သင်တန်းပို့ချရင်းပြောဆိုနေရာမှ အဘွားအိုအကြောင်းကို ပြောပြပါသည်၊၊ နံနက်မိုးမလင်းခင်တွင် ကားတစ်စီးနှင့်သမီးဖြစ်သူမှမိခင်အိုကြီးကို လမ်းဘေးတွင် ခွက်တစ်လုံးနှင့်ချထားခဲ့ပြီး ညနေမိုးချုပ်မှပြန်လာခေါ်သည်ဟု ပြောပြပါသည်၊၊ 

ထိုအကြောင်းကို သင်တန်းတက်သည့်ကျောင်းသားများ သိသွားကြသည်ကိုသိသောအခါတွင် အဘွား အိုကို ကျောင်းအနီးသို့လာမချတော့ဘဲ အခြားနေရာတွင်ချထားပြီး တောင်းစေပါသည်၊၊ ဤသည်မှာ အရှင်ကိုယ်တိုင်တွေ့ခဲ့ရသည့် ဖြစ်စဉ်လေးဖြစ်ပါသည်၊၊

နေ့စဉ်ဘ၀တွင် မိဘနှင့်သားသမီးအဆင်မပြေမှုများစွာကိုလည်း တွေ့ရပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်း မှာမိဘအချို့သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ “ဥပေက္ခာစွမ်းရည်”မရှိမှုကြောင့်ဖြစ်ရပြီး၊ အသားသမီး များဘက်မှမူလေးမျိုးလုံးကို သတိမမူသောကြောင့်ဖြစ်ရကြောင်း သုံးသပ်မိပါသည်၊၊

ဆိုလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအသက်(၂၅)ကျော်ပြီးလျင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးရမည်ဖြစ်ပါသည်၊၊ အများအားဖြင့် မိဘများသည်သားသမီးတို့၏ အိမ်ထောင်ရေးကိုဝင်ရောက်စွပ် ဖက်လေ့ရှိကြပြီး၊ မိဘနှင့်သမီးအကြားပြဿနာများဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်၊၊

ပညာရေးနှင့် အလုပ်အကိုင်ရွေးချယ်ရာတွင်လည်း သားသမီးများ၏ ၀ါသနာနှင့်သီးခြားစီဖြစ်သော အလုပ်အကိုင်နှင့် ပညာရေးလမ်းကြောင်းများကို အတင်းအကြပ်စီစဉ်ပေးကြရာမှ မလိုအပ်သည့်မိဘ နှင့် သားသမီးပြဿနာများဖြစ်ပေါ်လေ့ရှိကြပါသည်၊၊

လူဟူသည် ကံအလျောက်လူ့ဘ၀ဟူသည်ကို ရရှိလာကြခြင်းဖြစ်ပါသည်၊၊ သားသမီးတို့အပေါ် ဗြဟ္မ၀ိ ဟာရတရားလေးမျိုးထားနိုင်လျင်ပင် မိဘတို့၏တာဝန်ကျေပွန်ပြီဖြစ်ပါသည်၊၊ အိမ်ထောင်ရေးစသည် များကို ပူပန်စိုးရိမ်ပြီးစီမံပေးခြင်းကိုမိဘများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

“ဗြဟ္မ၀ိဟာရတရားလေးမျိုးကို စာပေတွင်မိဘများကျင့်ရသည်”ဟုသာ ဖော်ပြထားသောကြောင့် သား သမီးများသည် အမှုမဲ့အမှတ်မဲ့သာနေလေ့ရှိကြပါသည်၊၊ မိဘနှင့်သားသမီးကြားမှ ပြဿနာအချို့ သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးကို သားသမီးများမကျင့်သုံးသောကြောင့်ဖြစ်ပေါ်လာရသည်ကို သတိပြုမိ သူ အလွန်နည်းပါသည်၊၊

မှန်ပါသည်၊၊ မိဘများသည်လည်း သာမန်လူများသာဖြစ်ကြ၍ သားသမီးများနည်းတူ အခွင့်အရေးရ သင့်ပါသည်၊၊ ဆိုလိုသည်မှာ သားသမီးများအနေဖြင့် မိဘများကိုနေရာတိုင်းတွင် ချုပ်ချယ်ရန်မသင့်ပါ၊၊ ဥပမာအားဖြင့် မိခင်သေဆုံးသဖြင့် ဖခင်များအိမ်ထောင်သစ်ပြုခြင်းနှင့်၊ ဖခင်သေဆုံးသဖြင့် မိခင်များ အိမ်ထောင်သစ်ပြုခဲ့လျင် လက်ခံရမည်ဖြစ်ပါသည်၊၊

အခြားသော မိဘများရသင့်သည့် နေ့စဉ်ဘ၀လွတ်လပ်ခွင့် အခွင့်အရေးများစွာလည်း ရှိပါသေးသည်၊၊ မိဘများသည် သားသမီးများနည်းတူ ပုထုဇဉ်များသာဖြစ်သည်ကို သတိပြုရပါမည်၊၊ လောကီရေး ရာပျော်ရွှင်မှုများနှင့် လူသားဆန်သည့်အပြုအမူများမိဘများပြုမူခဲ့သော် သားသမီးများမှ နားလည်ပေး ရမည် ဖြစ်ပါသည်၊၊

ဤသည်မှာ ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ ဥပေက္ခာတရားကို သားသမီးများမှမိဘများအပေါ် ကျင့်သုံး ခြင်းဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးကို ဆွေးနွေးခဲ့တင်ပြခဲ့သည့်အတိုင်း မိဘများတွင်မက သားသမီးများပါကျင့်သုံးလိုက်နာကြလျင် မိဘသားသမီး ပြဿနာမီးများမပွားတော့ဘဲ ပျော်ရွှင်ဖွယ် ဆက်ဆံရေးကို ရရှိမည်ဖြစ်ပါသည်၊၊

မိဘကျေးဇူးကို ဆပ်ပုံနှင့်ဆက်စပ်၍ ပါဠိတော်နေရာများစွာတွင် ဖော်ပြထားပါသည်၊၊ မိဘကျေးဇူးများ ကို လောကီနည်းဖြင့်မည်မျှကျေပွန်စေရန်ကြိုးပမ်းစေကာမူ မကျေနိုင်ဟူ၍ဖော်ပြထားပြီး၊ တရားဓမ္မ နည်းအားဖြင့်သာ ကျေပွန်စေနိုင်သည်ဟု ဖော်ပြထားပါသည်၊၊

မိဘများတွင် “သဒ္ဓါ သီလ ပညာစသည့် သူတော်ကောင်းတရား”များနည်းနေသေးလျင် ပြည့်ဝစေရန် ကျိုးစားပေးခြင်းနှင့်၊ ပြည့်ဝပြီးသည့်မိဘများဖြစ်လျင် ပိုမို၍သူတော်ကောင်းတရား တည်တန့်စေရန် အထောက်အပံ့ပြုပေးခြင်းဖြင့်သာ မိဘများ၏ကျေးဇူးကို ဆပ်နိုင်သည်ဟုဆို ညွန်ပြထားပါသည်၊၊

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့တက်၍ မယ်တော်မာယာနတ်သားကို ပိဋကတ်သုံး ပုံမှ တစ်ပုံဖြစ်သည့်အဘိဓမ္မာပိဋကတ်ကို ဟောပြော၍ကျေးဇူးဆပ်တော်မူသည်ကို တွေ့ရပါသည်၊၊ ခမည်းတော်ဖြစ်သည့် သုဒ္ဓေါဓနမင်းကြီးကိုလည်း အနာဂါမ်တည်သည်အထိ တရားတော်များဟော ပြော၍ မိဘကျေးဇူးဆပ်တော်မူသည်ကို စာရှုသူတို့အတုယူသင့်လှပါသည်၊၊

ဤတွင် မိဘကျေးဇူးစာတမ်း အတိုင်းအတာတစ်ခုမျှပြီးပြည့်စုံပြီဟု ယူဆပါသည်၊၊ “အလင်းစက်စာပေ မြတ်နိုးသူများ” မိဘကျေးဇူးကိုသိတတ်ပြီး ကျေပွန်စွာဆပ်နိုင်စွမ်းရှိကြသည့် လူလိမ္မာ၊ အနာဂတ်၏ အဖိုးတန်၊ လူ့ယဉ်ကျေးများဖြစ်ကြပါစေကြောင်း ဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊  ၊၊

အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊




(မှတ်ချက်/စာတမ်းထဲတွင် ကိုးကားခဲ့သည့်ပါဠိတော်မှစားသားများကို ပါဠိစာပေလေ့လာလိုသူများ အတွက် တင်ပြပေးအပ်ပါသည်၊၊)

(1) ဗြဟ္မာတိ မာတာပိတရော၊ ပုဗ္ဗစရိယာတိ ၀ုစ္စရေ၊၊
         အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပကာ၊၊ (အံ-၃၊ သဗြဟ္မကသုတ်)

(2) သပ္ပုရိသော စ ခေါ မဟာရာဇ ဥဠာရေ ဘောဂေ လဘိတွာ မာတာပိတရော သုခေတိ ပီဏေတိ၊၊ တဿ တေ ဘောဂေ ဧ၀ံ သမ္မာပရိဘုဉ္ဇိယမာနေ နေ၀ ရာဇာနော ဟရန္တိ၊ န စောရာ ဟရန္တိ၊ န အဂ္ဂိ ဟရန္တိ၊ န ဥဒကံ ၀ဟတိ၊ န အပ္ပိယာ ဒါယာဒါ ဟရန္တိ။ ဧ၀ံသ တေ ဘောဂါ ပရိဘုဉ္ဇိယမာနာ ပရိဘောဂံ ဂစ္ဆန္တိ၊ နော ပရိက္ခယံ၊၊ (သဂါထာဝဂ္ဂပါဠိ၊ ပ-အပုတ္တကသုတ်)

(3) မာတရိ ပိတရိ စာပိ ၊ ယော မိစ္ဆာ ပဋိပဇ္ဇတိ။
ဗဟုဉ္စ သော ပသ၀တိ၊ အပုညံ တာဒိသော နရော။
တာယ အဓမ္မစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။
ဣဒေ၀ နံ ဂရဟန္တိ၊ ပစ္ဆာပါယဉ္စ ဂစ္ဆတိ။ (အံ-၄၊ ဒုခတသုတ်)
(4) မာတာပိတူနံ ဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။ (အံ-၃)

(5) ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌာတဗ္ဗော။ဘတော နေသံ ဘရိဿာမိ၊
ကိစ္စွံ နေသံ ကရိဿာမိ၊
ကုလ၀ံသံ ဌပေဿာမိ၊
ဒါယဇ္ဇံ ပဋိပဇ္ဇာမိ၊
ပေတာနံ ကာလင်္ကတာနံ ဒက္ဒိဏံ အနုပ္ပဒဿာမိ၊ (အံ-၅)

(6) ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။ ပါပါ နိဝါရေန္တိ၊
ကလျာဏေ နိဝေသေန္တိ၊
သိပ္ပံ သိက္ခာပေန္တိ၊
ပတိရူပေန ဒါရေန သံယောဇေန္တိ၊
သမယေ ဒါယဇ္ဇံ နိယာဒေန္တိ။ (အံ-၅)

(7) ဗြဟ္မာတိ မာတာပိတူနံ ဧတံ အဓိဝစနံ။
ပုဗ္ဗာစရိယာတိ မာတာပိတူနံ ဧတံ အဓိဝစနံ။ (မူပံ-အ
ကထာ)

Friday, June 29, 2012

သူတော်ကောင်းဟု ခေါ်သည်၊၊ ၊၊


သာသနာ့မယ်တော်ကြီး ဒေါ်ခင်စောရွှေ, မင်္ဂလာပါ၊၊

ယ္ခုနှစ်(19/07/2012)တွင်ကျရောက်သော သာ သ နာ့ ဒါယိ ကာမကြီးဒေါ်ခင်စောရွှေ၏(52)နှစ်ပြည့်aမွးနေ့အ လှူဒါနအဖြစ် ပေးပို့လှူဒါန်းသောအမေရိကန်ဒေါ်လာ(500)၊ သီရိလင်္ကာရူပီးငွေအားဖြင့်(63,306.40)တိတိကို ယနေ့ဘဏ်အကောင့်မှတဆင့် ဦးဇင်းလက်ခံရရှိပါသည်၊၊

ဒါနပြုခြင်းနှင့်ဆက်စပ်၍ ပါဠိတော်များတွင်ဖော်ပြထားသည်များကို အနည်းငယ်မျှအလှူငွေအနုမောဒနာစကား အဖြစ်aရးသား ပေးပို့ပါသည်၊၊

သုတ္တန္တပိဋက၊အင်္ဂုတ္တရနိကာယ်၊တိကနိပါတပါဠိ၊ပဏ္ဍိတသုတ်တွင် အောက်ပါအတိုင်းမြတ်စွာဘုရားရှင်ဟော တော်မူထားသည်ကို တွေ့ရပါသည်၊၊

“တီဏိမာနိ ဘိက္ခဝေ ပဏ္ဍိတပညတ္တာနိ၊၊
ဒါနံ ပဏ္ဍိတပညတ္တံ၊
ပဗ္ဗဇ္ဇာ ပဏ္ဍိတပညတ္တံ၊
မာတာပိတူနံဥပဌာနံ ပဏ္ဍိတပညတ္တံ၊၊”

လုပ်ငန်းသုံးမျိုးကို ပြုလေ့ရှိသူကိုပညာရှိသူဟု ခေါ်ဆိုရသည်၊၊
(၂) ရှင်ရဟန်းဝတ်သူ၊
(၃) မိဘကိုလုပ်ကျွေးသူ၊၊”

အထက်တွင်ဖော်ပြထားသည့် ပါဠိတော်အထောက်အထားကိုသုံးသပ်လျင် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ ရပ်ခြား တွင်ပညာသင်ယူနေသည့် မြတ်စွာဘုရားသားတော်သံဃာတော်အား အလှူငွေလှူဒါန်းမှုဒါနကု သိုလ်နှင့်၊ အခြားသောဒါနကုသိုလ်အမျုမျိုးတို့ကို အမြဲပြုလေ့ရှိသောဒါယိကာမကြီးဒေါ် ခင်စောရွှေနှင့်မိသားစု ကို မြတ်စွာဘုရားရှင်အလိုတော်အရ“ပညာရှိမိသားစု”ဟူ၍ခေါ်ဆိုရပါမည်၊၊

ဒါနကုသိုလ်ပြုခြင်းသည် ပညာတတ်ရှိသူ၏လက္ခဏာဖြစ်သည်ဟု မြတ်စွာဘုရားရှင်မှတိကျစွာညွန်ပြထားသည့် ပါဠိတော်သာဓကဖြစ်ပါသည်၊၊ 

ထိုကဲ့သို့ ဒါနပြုကာမျှနှင့်အဘယ့်ကြောင့် ပညာရှိသူဟုခေါ်ဆိုရကြောင်းကိုလေ့လာကြည့်သောအခါ ပါဠိတော် တစ်နေရာတွင် “ဒါနကုသိုလ်သည် ဘ၀လွတ်မြောက်ရေးလမ်းစဉ်ဖြစ်သောကြောင့်”ပညာရှိဟုခေါ်ဆိုရသည် ဟု မြတ်စွာဘုရားရှင်ဟောတော်မူထားသည်ကို တွေ့ရပါသည်၊၊

ဤသို့ဆိုလျင်ဒါနသည် အဘယ်မှလွတ်မြောက်ကြောင်းဖြစ်သည်ဟုဆိုလျင် ဘ၀တွင်အခက်အခဲ အဆင်မပြေ မှုများနှင့်၊ ဘ၀မှလွတ်မြောက်ပြီးနိဗ္ဗာန်ချမ်းသာကိုစံစားနိုင်ခြင်းကို ဘ၀မှလွတ်မြောက်ခြင်းဟုခေါ်ကြောင်း မှတ် သားရပါသည်၊၊

ဒါနကုသိုလ်ပြုခြင်းဖြင့် အသက်ရှည်ခြင်း၊ အဆင်းလှပခြင်း၊ညာဏ်ပညာထက်မြက်ခြင်း၊အနာရေဂါကင်းခြင်း၊ အ ဆင့်အတန်းရှိသည့်မျိုးရိုးတွင်လူဖြစ်ရခြင်းစသည့်အကျိုးများကိုမူ မရေတွက်နိုင်အောင်များပြားသည့်ပါဠိတော်နေ ရာများစွာတွင် မြတ်စွာဘုရားရှင်နှင့်၊ အဂ္ဂသာဝကရဟန္တာကြီးများဟောပြော ညွန်ပြထားသည်ကို လေ့လာရပါ သည်၊၊

သီလဆောက်တည်၊ ဒါနကုသိုလ်ကိုပြုပြီး၊ ခွဲခွါပြီးသောမိဘဘိုးဘွားများနှင့် ဆွေမျိုးမိတ်ဆွေများကိုအမျှပေးဝေ လျင် မိမိကိုယ်တိုင်လည်းကုသိုလ်တိုးပွားပြီး အမျှပေးဝေမှုကိုလက်ခံရရှိသည့် ဘိုးဘွားဆွေမျိုးစသူများမှာ လည်း ရောက်ရာဘ၀တွင်ဆင်းရဲခြင်းများမှလွန်မြောက်ပြီး၊ ချမ်းသာသုခကိုခံစားရရှိနိုင်သည်ဟု ပေတ၀တ္ထုပါ ဠိတော်တွင် မြတ်စွာဘုရားရှင်ဟောတော်မူထားပါသည်၊၊

အလှူငွေကိုအလှူခံရရှိသောဦးဇင်းအနေဖြင့် သာသနာ့ဒါယကာကြီးဦးမောင်မောင်+သာသနာ့ဒါယိကာမ ကြီးဒေါ်ခင်စောရွှေနှင့်မိသားစုများအား ယ္ခုဘ၀မှာပင်ကိုယ်စိတ်အေးချမ်းပြီး၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း များပြည့်စုံကြလျက် အဆုံးစွန်သောဘ၀တွင်ဗောဓိညာဏ်ကိုရရှိပြီး နိဗ္ဗာန်ချမ်းသာကိုရရှိကြပါစေဟု အနုမောဒ နာဆုတောင်းပေးအပ်ပါသည်၊၊

ယ္ခုသာသနာ့မယ်တော်ကြီး ဒေါ်ခင်စောရွှေ၏ မွေးနေ့အလှူနှင့်အခြားသောပြုခဲ့ဖူးသမျှအလှူအားလုံးအ တွက် ရေစက်ချစာတမ်းလေးကို ရွက်ဆိုပြီးအမျှပေးဝေ၊ ဆုတောင်းပေးလိုက်ပါသည်၊၊

{ရေစက်ချ}

အရှင်မြတ်ဘုရား ဘုရားတပည့်တော်တို့၏မိသားစုသည် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ၊ လေးဖြာဓမ္မညီမျှကြ လျက် မြတ်စွာဘုရားရှင်၏သာသနာတော်တွင် ပရိယတ္တစာပေတာဝန်ကိုထမ်းဆောင်လျက် ပညာသင်ယူလျက် ရှိသော အရှင်ဘုရားအားအလှူငွေများကို စေတနာဖွေးဖြူပေးအပ်လှူဒါန်းကြပါကုန်၏အရှင်မြတ်ဘုရား၊၊

ဓမ္မဒါနစာအုပ်ရိုက်နှိပ်လှူဒါန်းခြင်းနှင့်အခြားသော အလှူဒါနကုသိုလ်များကိုလည်း သဒ္ဓါကြည်ဖြူပေးလှူကြပါ ကုန်၏အရှင်မြတ်ဘုရား၊၊

ဤကဲ့သို့ပေးလှူရသော ကုသိုလ်စေတနာများကြောင့် ဘုရားတပည့်တော်တို့၏မိသားစုသည် ဘေးရန် ကင်းဝေးခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းများနှင့်ပြည့်စုံရရှိပြီးလျင်၊ အရိယာအရှင်မြတ်များသိတော်မူကြသည့် သစ္စာလေးပါးမြတ်တရားများကိုသိရှိပြီး၊ မဟာသန္တိသုခ ချမ်းသာအစစ်ဖြစ်သောနိဗ္ဗာန်ကို ရရှိစံစားရပါစေသား အရှင်မြတ်ဘုရား၊၊

ဘုရားတပည့်တော်တို့မိသားစု၏ ပြုပြုသမျှကောင်းမှုကုသိုလ်များ၏အကျိုးများကို ကွယ်လွန်ကြပြီးသောမိဘ ဘိုးဘွားများနှင့် ဆွေမျိုးညာတိအပေါင်းအားအမျှပေးဝေပါ၏အရှင်မြတ်ဘုရား၊၊

ကွယ်လွန်ကြပြီးသော အနန္တကျေးဇူးရှင်မိဘဘိုးဘွားများနှင့် ဆွေမျိုးညာတိများမှအစပြု၍၊ သုံးဆယ့်တစ်ဘုံ၊ အနန္တစကြာဝဠာတွင်ကျင်လည်ကြကုန်သော ဝေနေယျသုခိတ၊ ဒုက္ခိတသတ္တ၀ါအများတို့သည် ဘုရား တပည့်တော်တို့မိသားစုမှပေးဝေသော ကုသိုလ်အမျှကိုရရှိကြလျက် ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြ သည် ဖြစ်ကြပါစေသောဝ်၊၊

အမျှ၊ အမျှ၊ အမျှယူတော်မူကြပါကုန်လော!
သာဓု၊ သာဓု၊ သာဓု၊၊      ၊၊


သာသနာ့ဒါယိကာမကြီး ဒေါ်ခင်စောရွှေနှင့်မိသားစု၊ ဆွေမျိုးများအားလုံးကိုယ်စိတ် အေးချမ်း၊ သာယာကြပါစေ၊၊                ၊၊

Monday, February 20, 2012

သွေးအလှူဒါန၊၊ ၊၊


ဘာသာတိုင်းတွင် သက်ဆိုင်ရာ ပေးလှူမှုပုံစံများ ရှိကြသည်၊၊ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘာသာဝင်တို့နေ့စဉ် နှင့်အမျှ ပြုလုပ်နေကြသည့် အလှူဒါနများကို သဘောတူရာစုပေါင်းလိုက်လျင် ငါးမျိုးမျှရှိသည်ဟု အနှစ်ချုပ် ရေတွက်နိုင်ပါသည်၊၊

(၁) ဥစ္စာကိုပေးလှူခြင်း၊
(၂) သား/သမီးကိုပေးလှူခြင်း၊
(၃) မယား/ခင်ပွန်းကိုပေးလှူခြင်း၊
(၄) ကိုယ်မှ အင်္ဂါကြီးငယ်ကိုဖြတ်၍ ပေးလှူခြင်း၊
(၅)  အသက်ကိုပေးလှူခြင်းတို့ ဖြစ်ကြပါသည်၊၊

အထက်တွင်ဖော်ပြထားသည့် အလှူဒါနငါးမျိုးသည် တစ်ဆင့်ခြင်းစီအားဖြင့် ပေးလှူရန်လွယ်ကူမှု၊ ခက်ခဲမှုနှင့်၊ အကျိုးရလာဘ်အားနည်းမှု၊ အားကြီးမှုအားဖြင့် ကွာခြားကြပါသည်၊၊

ဆိုလိုသည်မှာ--
ဥစ္စာအမျိုးမျိုးကို ပေးလှူရန်ခက်ခဲပါသည်၊
ထို့ထက် မိမိရင်မှဖြစ်သည့် သားသမီးကိုပေးလှူရန် ပို၍ခက်ခဲပါသည်၊၊
သားသမီးကိုပေးလှူရန်ထက် ဇနီးမယား/ခင်ပွန်းကိုပေးလှူရန် ပို၍ခက်ခဲပါသည်၊၊
ဇနီး/ခင်ပွန်းကိုပေးလှူရန်ထက် မိမိကိုယ်မှအင်္ဂါကြီးငယ်တစ်ခုခုကိုဖြတ်တောက်၍ပေးလှူရန် ပို၍ခက်ခဲပါသည်၊၊
ကိုယ်မှအင်္ဂါကြီးငယ်တစ်ခုခုကို ပေးလှူရန်ထက် အသက်ကိုပေးလှူရန် အခက်ဆုံးဖြစ်ပါသည်၊၊

ပေးလှူမှုအလှူဒါနငါးမျိုးသည် အဆင့်အတိုင်းခက်ခဲသကဲ့သို အကျိုးကိုရရှိသောအခါတွင်လည်း များ စွာပင်ကွာခြားလှပါသည်၊၊ ကွာခြားပုံများကိုဆက်လက်ဆွေးနွေးတင်ပြပါသည်၊၊
(၁) ဥစ္စာကိုပေးလှူခြင်းသည် အကျိုးကြီးပါသည်၊၊
(၂) ဥစ္စာကိုလှူသည်ထက် သားသ္မီးကိုပေးလှူသည်မှာ ပို၍အကျိုးကြီးပါသည်၊၊
(၃) သားသ္မီးကို ပေးလှူသည်ထက် ဇနီးမယား/လင်သားကိုပေးလှူသည်မှာ ပို၍အကျိုးများပြားသည်၊၊
(၄) လင်သာ/ဇနီးမယားကိုပေးလှူသည်ထက် မိမိတို့၏ခန္ဓာကိုယ်မှ အင်္ဂါကြီးငယ်တစ်ခုခုကိုပေးလှူ သည်မှာ ပို၍အကျိုးကြီးပါသည်၊၊
(၅) ခန္ဓာကိုယ်မှ အင်္ဂါကြီးငယ်တစ်ခုခုကို ပေးလှူရသည်ထက် အသက်ကိုပေးလှူသည်မှာ အမြင့်ဆုံး အကျိုး ရှိပါသည်၊၊

အမှန်စင်စစ် မိမိချွေးနှင့်သွေးနှင့်ရင်းနှီး၍ ရရှိလာသောပစ္စည်းဥစ္စာကို တစ်ပါးသူသို့ပေးအပ်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ၊၊ စေတနာနှင့် စိတ်ကောင်းရှိလွန်း၍သာ ပေးလှူနိုင်ကြခြင်း ဖြစ်သည်၊၊ ထို့ကြောင့်ပင် စေတနာအင်အားကိုအလေးထား၍ “ညောင်စေ့လောက်ပေးလှူက၊ ညောင်ပင်ကြီးလောက် အကျိုးရသည်၊”စသည်အားဖြင့် ဆိုထားခြင်းဖြစ်ပါသည်၊၊

ဥစ္စာပစ္စည်းကို ပေးလှူရန်ထက် မိမိတို့၏သွေးသားမှ ပေါင်းစပ်ဖြစ်ပေါ်လာသည့် သားသမီးများကိုပေးလှူရန်မှာ ပို၍ခက်ခဲနေပါသည်၊၊ ပါဠိစာပေကိုလေ့လာကြည့်လျင် ဘုရားအလောင်းတော် ဝေ ဿန္တရာမင်းကြီး၏ သားတော်နှင့် သမီးတော်လေးကိုပေးလှူသည့် သာဓကကိုတွေ့မြင်ရပါမည်၊၊ ဗုဒ္ဓဘာသာဝင်တို့ သတိမထားမိသည့် သားသမီးအလှူတစ်မျိုးမှာ သားသမီးများကို ရှင်ပြုနားသပေးခြင်းများ ဖြစ်ပါသည်၊၊

မိမိတို့၏ သားယောကျာင်္းလေးကိုရှင်ပြုပေးလိုက်ခြင်းသည် မိမိတို့၏ရင်မှဖြစ်သည့် သားကိုသာသနာ တော်သို့ ပေးလှူလိုက်ခြင်းပင် ဖြစ်ပါသည်၊၊ သ္မီးမိန်းကလေးများကို နားသ၍သီလရှင်ပြုပေးလိုက်ခြင်းသည် သာသနာတော်သို့ သမီးမိန်းကလေးများကို ပေးလှူလိုက်ခြင်းဖြစ်ပါသည်၊၊ အကျိုးရရှိမှုအားဖြင့် ဥစ္စာရွှေငွေအကုန် အကျခံ၍ပေးလှူသည်ထက် ချိန်စက်မရအောင်များ ပြားပါသည်၊၊

ဇနီးကို ပေးလှူပုံသာဓကကိုလည်း ဝေဿန္တရာဇာတ်တော်မှာပင် အထင်အရှားအားဖြင့် တွေ့ရပါသည်၊၊ သတိမပြိုမိကြသည့် ဘ၀ကြင်ဖက်ကိုပေးလှူပုံမှာ ဒုလ္လရဟန်းခံ၊ ရှင်ပြုခြင်းများ ဖြစ်ပါသည်၊၊ ခင်ပွန်း သည်လင်ယောကျာင်္းကို ဒုလ္လဘရဟန်းပြုပေးခြင်းသည် သာသနာတော်သို့ ခင်ပွန်းသည်ကို ပေးလှူရာ ရောက်ပါသည်၊၊ ဇနီးအမျိုးကို ဒုလ္လဘသီလရှင်ပြုပေးခြင်းသည်လည်း သာသနာတော်သို့ ဇနီးကိုပေးလှူရာရောက်သည်ဟု မှတ်သားရပါမည်၊၊

ပါဠိစာပေတွင် ဝေဿန္တာမင်းကြီးသည် ဇနီးဖြစ်သူကိုပေးလှူဖူးသည့် သာဓကရှိသော်လည်း အမျိုး သမီးတစ်ဦးဦးက လင်သားကိုပေးလှူဖူးသည့် သာဓကမရှိပါ၊၊ အထက်တွင် တင်ပြဆွေးနွေးထားသည့် ရှင်ပြု၊ ဒုလ္လရဟန်းပြုပေးခြင်းများမှာ သတိမပြုမိနိုင်သည့် ဇနီးသည်များမှ လင်သားကိုပေးလှူမှုများ ပင်ဖြစ်ပါသည်၊၊ 
မြတ်စွာဘုရားရှင် ရောဟိဏီမြစ်ရေကိုအကြောင်းပြု၍ စစ်ပွဲကြီးဖြစ်လုနီးနီးတွင် စစ်ပြေငြိမ်းရေး တရားတော်ဟောကြားသဖြင့် နှစ်ဘက်စစ်တပ်များမှ စစ်သားငါးရာစီရဟန်းပြုလိုက်သောအခါ အားကိုး ရာမဲ့ကျန်ရစ်ခဲ့သည့် အမျိုးသမီးငါးရာတို့၏ဘ၀ကို အလေးထားသဖြင့် သာသနာတော်အတွင်း လင် သားကိုပေးလှူသည်ကို အသိအမှတ်ပြုရပေမည်၊၊ အကျိုးမရေတွက်နိုင်အောင်ပင် ရရှိပါသည်၊၊

မိမိတို့၏ခန္ဓာကိုယ်မှ ခြေလက်၊ မျက်လုံးစသည့် အင်္ဂါကြီးငယ်တစ်ခုခုကိုပေးလှူရန်မှာ ကြင်ဘက်လင်သားနှင့် ဇနီးမယားကိုပေးလှူရန်ထက်ပိုမိုခက်ခဲပြီး၊ အကျိုးများစွာကြီးမားလှပါသည်၊၊ ငါးရာ့ငါးဆယ် ဇာတ်တော်တွင် ဘုရားအလောင်းတော်သည် ဘ၀များစွာလက်ခြေ၊ မျက်လုံးစသည်များကိုပေးလှူခဲ့ဖူး သည်ကို လေ့လာရပါသည်၊၊ ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့အင်္ဂါအစိတ်အပိုင်းများကို ခွဲစိတ်၍လှူ ဒါန်းသည်များကို တွေ့ရပါသည်၊၊

နောက်ဆုံးအလှူဒါနပုံစံသည် အသက်ကိုပေးလှူခြင်း ဖြစ်ပါသည်၊၊ သာမန်လူသားတို့အတွက်မူ အသက်ကို ပေးလှူရန်အလွန့်အလွန်ပင် ခက်ခဲပါမည်၊၊ သို့သော်လုံးဝမရှိဟူ၍ကား ပြောဆိုရန်မ၀ံ့ပါ၊၊ အဘယ့်ကြောင့်ဆိုသော် အချို့ပါရမီအားကြီးသည့်သူများသည် ကျောက်ကပ်၊ အသဲစသည်များကို ပေးလှူနေကြသောကြောင့် ဖြစ်ပါသည်၊၊ ထိုအလှူများသည် အသက်ကိုတိုက်ရိုက် ပေးလှူခြင်းမဟုတ် သေးသည့်တိုင် အသက်နှင့်အင်မတန်နီးစပ်ရကား အသက်အလှူဟုပင် တင်စားခေါ်ထိုက်ပါသည်၊၊

မြတ်စွာဘုရားအလောင်းတော်သည် ပါရမီဖြည့်ကျင့်စဉ်ဘ၀များအတွင်း သူတစ်ပါးအတွက်အသက် ပေးလှူသည်ကို သာဓကများစွာဖြင့် တွေ့ရပါသည်၊၊ ထိုကဲ့သို့ အများမပြုနိုင်သည့်အလှူအထူးကို ပြုခဲ့သောကြောင့်ပင် ဘုရားဖြစ်မည့်နောက်ဆုံးဘ၀တွင် အများတကာအိပ်မက်မျှ မမက်နိုင်သည့်စီးစိမ် အထူးများ၊ လှပမှုများ၊ အင်အားကြီးမှုများ၊ ညာဏ်ပညာထက်မျက်မှုများစွာကို ရရှိခြင်းဖြစ်ပါသည်၊၊

ယနေ့ခေတ်တွင် “သွေးလှူခြင်းကို အသက်ကိုပေးလှူသည်ဟု ပြောဆိုရေးသားကြသည်”ကို လေ့လာ ရပါသည်၊၊ သို့သော် မြတ်စွာဘုရားရှင်၏ အဘိဓမ္မာဒေသနာတော်တွင် “အသက်ဟုဆိုအပ်သော ဇီဝိတရုပ် အကြည်ဓာတ်သည် ဗဟိဒ္ဓသန္တာန်တွင်မဖြစ်နိုင်ဟု ဟောတော်မူထားသောကြောင့်၊ ခန္ဓာကိုယ်အတွင်းမှ ပိုက်ဖြင့်ထုတ်ယူထားပြီး၊ ပုလင်းထဲတွင်ရှိနေသောသွေးထဲတွင် မိမိခန္ဓာကိုယ်မှအသက်ပါမ သွားတော့”ရကား သွေးလှူခြင်းကို အသက်ကိုပေးလှူသည်ခေါ်ဆိုရန် မဖြစ်နိုင်တော့ပါ၊၊

သို့သော် ဖော်ပြထားပြီးပေးလှူမှုပုံစံငါးမျိုးတွင် သွေးလှူခြင်းအပါအ၀င် ခန္ဓာကိုယ်မှအစိတ်အပိုင်း တစ်စုံတရာကိုပေးလှူမှုသည် အဆင့်လေးခုမြောက်အလှူဖြစ်ရကား အကျိုးအားဖြင့်ရေတွက်မပြနိုင် တော့လောက်ပင် များရပါသည်၊၊ အစားအသောက်၊ ရွှေငွေရတနာ၊ ယဉ်ကားစသည်အလှူတို့ထက်လည်း အဆမရေတွက်နိုင်အောင်ပင် အကျိုးရရှိမှုသာလွန်ပါသည်၊၊

ပါဠိစာပေတွင် အခြားအလှူဒါနများစွာကို ဖော်ပြထားသော်လည်း ယ္ခုခေတ်ကဲ့သို့ သွေးသီးသန့်ပေး လှူမှုကို ဖော်ပြထားခြင်း မရှိပါ၊၊ သို့သော် မြတ်စွာဘုရားအလောင်းတော်သည် ခန္ဓာကိုယ်မှအသွေး အသား၊ အရိုးအကြော၊ လက်ခြေ၊ ဦးခေါင်းမျက်လုံး မလှူဖူးသည်မရှိဟု ဖော်ပြထားသည်ကား ရှိပါ သည်၊၊ ဤဖော်ပြချက်ကို သုံးသပ်သောအားဖြင့် သွေးအလှူကို မြတ်စွာဘုရားအလောင်းတော်ပြုခဲ့ ဘူးသည်ဟူ၍ မှတ်ယူရန်ဖြစ်ပါသည်၊၊

ဤနေရာတွင် သာဓကဇာတ်ကြောင်းတစ်ခုကို တင်ပြဆွေးနွေးအပ်ပါသည်၊၊
မြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်နုစဉ်က မြောက်ဘ၀တွင် ဖြစ်ခဲ့ဘူးပါသည်၊၊ တစ်နေ့တွင် တောကြီးအတွင်း မတ်စောက်သည့်ကျောက်ကမ်းပါးသို့ကျလုဆဲဆဲ လူတစ်ယောက်ကို တွေ့လိုက်ရပါသည်၊၊ မြောက်မင်းသည် ထိုသူအားနွယ်ကြိုးများဖြင့် ချောက်ကမ်းပါးမှကယ်ဆယ် လိုက်ပါသည်၊၊ အင်အားမမျှသည့်လူကို ကမ်းပါးအမြင့်မှကယ်တင်လိုက်ရသောကြောင့် မြောက်မင်း သည် မောပမ်းရကားလူ၏ပေါင်ကို ခေါင်းခုကာအိပ်မောကျသွားပါသည်၊၊

အိပ်မောကျနေသည့် မြောက်မင်း၏ဦးခေါင်းကို လူမှအနီးရှိကျောက်တုန်းဖြင့်ထုရိုက်ပြီး မြောက်သား စားရန် အားထုတ်ပါတော့သည်၊၊ မြောက်မင်းသည်အသက်မသေဘဲ သစ်ပင်ပေါ်သို့ခုန်တက်လိုက် ပါသည်၊၊ ထိုအခါမှ လူသားသည်နောင်တရပါတော့သည်၊၊ ဤမျှနက်သည့်တောကြီးထဲတွင် သူသည် ဘယ်သို့သွားရမည်မှန်း မသိတော့ချေ၊၊ တောထဲတွင် ချင်္သေ့၊ ကျားစာဖြစ်ပြီး သေရတော့မည်ကို ကြောက်ရွံ့လာပါသည်၊၊
အခြေအနေကိုသိသော မြောက်မင်းသည် လူသားအားသစ်ပင်အမြင့်ပေါ်မှ သူ၏သွေးစက်များအတိုင်း လိုက်ခဲ့ရန် ဟန်အမူအရာဖြင့်သိစေလိုက်ပါသည်၊၊ လူသားသည် သစ်ပင်အမြင့်ကြီးပေါ်မှ မြောက်၏ ဦးခေါင်းမှကျသော သွေးစက်များအတိုင်းလိုက်သွားရာ တောတွင်းမှထွက်သော လမ်းမှန်ပေါ်သို့ ရောက်လာရပါသည်၊၊ 

ကြီးမားသည့် ကျောက်တုန်းဖြင့်ဦးခေါင်းကိုထုခံရပြီး၊ သွေးအလွန်အကျွန်ထွက် နေသောမြောက်မင်းမှာမူ အသက်သေရန်မှတစ်ပါး အခြားမရှိတော့ပါချေ၊၊ 
ဖော်ပြပါဇာတ်လမ်းကို သုံးသပ်ကြည့်လျင် မြောက်မင်း၏သွေးအလှူကို ရေးရေးမျှမြင်သာမည်ဟု မှတ်ထင်မိပါသည်၊၊ ဘုရားအလောင်းတော် မြောက်မင်း၏သွေးအလှူဒါန မှတ်တမ်းတစ်ခု ဖြစ်ပါသည်၊၊ 

အိမ်ထောင်ရှင်မိခင်များအနေဖြင့် သားသ္မီးတို့အား နို့တိုက်ကျွေးခြင်းကိုလည်း သွေးအလှူဟုပင်မှတ် ယူရပါမည်၊၊ သားသမီးများက ကျေးဇူးသိသည်ဖြစ်စေ၊ မသိကြသည်ဖြစ်စေ ကုသိုလ်အကျိုးကား အများပင်ဖြစ်ပါသည်၊၊

အရှင် "သွေးလှူခြင်းစာတမ်း"ကို ရေးသားသည်မှာဤတွင် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါ သည်၊၊ သွေးလှူရှင်များနှင့်၊ ယ္ခုနှစ်အကြိမ်(၅၄၀)မြောက်သွေးလှူပွဲကြီးတွင် အလှူငွေထည့်ဝင်လှူဒါန်းကြသည့် မခင်စံပယ်မောင်၊ မမြသီတာသိန်း၊ မခင်စိုးထက်၊ မခင်သူထက်၊ မောင်ဆန်းထွန်းတို့အား ဂုဏ်ပြုလျက် ယ္ခုစာတမ်းကိုရေးသားခြင်းဖြစ်ပါသည်၊၊

အလှူရှင်များအားလုံးသည် အသက်ရှည်၊ အနာကင်း၊ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေကြောင်း အရှင် ဆုမွန်ခြွေအပ်ပါသည်၊၊

                                                                     မေတ္တာဖြင့်---
                                                                                        အရှင်ကေ၀လ(အလင်းစက်)
                                                                  
                                                                      (၆.၁.၂၀၁၂)